No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သူသာ ကုလဆိုင်ရာမြန်မာသံဖြစ်ကြောင်း ဦးကျော်မိုးထွန်း တရား၀င်စာပို့ နယူးယောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို တရား၀င် ကိုယ်စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာထူးက ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့နောက်၊ ဦးကျော်မိုးထွန်းဘက်က အခုလို ထပ်လောင်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ သူ့ကို ဒီရာထူးခန့်အပ်ထားတဲ့ သမ္မတကြီး ဦး၀င်းမြင့်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရား၀င် ရွေးကောက်ခံထားရတဲ့ တည်ဆဲ အစိုးရ အာဏာပိုင်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။ ဒါ့ကြောင့်၊ တရားမ၀င် အာဏာသိမ်းတဲ့ ရာဇ၀တ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရား၀င် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာအရေးအတွက် သီးသန့်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအ၀ေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုသူ မဟုတ်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီနောက်မှာတော့၊ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာ သံရုံးတွေမှာ ရှိတဲ့ ရာနဲ့ချီတဲ့ မြန်မာ သံတမန်တွေကို မြန်မာပြည်ထဲက ရာထူးနေရာတွေမှာ ပြောင်းလဲ ခန့်တာမျိုးတွေ ပြုလုပ်လာပါတယ်။ ဦးကျော်မိုးထွန်းရဲ့နေရာ၊ နယူးယောက် အခြေစိုက် ကုလသံအမတ် ရာထူးကို နောက်တစ်ယောက် ပြောင်းခန့်ထားတယ်ဆိုတဲ့ အသိပေးစာမျိုး ရရှိ မထားဘူးလို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို တရား၀င် အစိုးရ တစ်ရပ်သဖွယ် လက်သင့်ခံ မဆက်ဆံကြဖို့၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အပါအ၀င်၊ ဒီမိုကရက်စီ အင်အားစုတွေက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရကို ပန်ကြား နေပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဒီသတင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက် ပေးနေပါတယ်။ https://www.bbc.com/burmese/live/burma-56245583 Credit: