No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မလွှကုန်းမီးရထားဝန်းနေထိုင်သူများ ဘုန်ကြီးကျောင်းများသို့ ပြောင်းရွှေ့ညအိပ်ကြရ ရန်ကုန် - ၂၀၂၁ မတ် ၁၀ (မော်ကွန်း) CDM လုပ်နေသည့် မလွှကုန်းမီးရထားဝန်းထဲသို့ စစ်သားနှင့်ရဲများ ယနေ့မနက်အစောပိုင်းက ရောက်လာပြီးနောက် ဝန်းအတွင်းနေထိုင်သူများ ညနေပိုင်းတွင် အထုတ်အပိုးများ သယ်ဆောင်​၍ နေအိမ်မှ စွန့်ခွာထွက်ပြေးနေကြသည်။ မီးရထားဝန်းထဲ လာရောက်သည့် စစ်တပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးက လုံခြုံရေးအရ ရောက်လာခြင်းသာဖြစ်ပြီး ကြောက်လန့်ထွက်ပြေးရန်မလိုဟု ဝန်ထမ်းများကို ပြောသည်။ သို့သော် မီးရထားဝန်းထဲမှ ထွက်လာသည့် အမျိုးသမီး တစ်ဦးက "သူတို့က ဒီလိုပြောပေမယ့် မယုံရဲဘူး။ မလုံခြုံဘူးခံစားရတယ်။ ဒါကြောင့် ဒီညတော့ အနားက ဘုန်းကြီးကျောင်းမှာ သွားနေမယ်" ဟုမော်ကွန်းကိုပြောသည်။ ၎င်းတို့သည် နေအိမ်ကို အပြီးတိုင်စွန့်ခွာခြင်းမဟုတ်ဘဲ နေ့လယ်ဘက်တွင် ပြန်လာနေထိုင်ကြမည်ဟု ဆိုသည်။ တချို့သော အမျိုးသားများက အပြင်မထွက်ဘဲ ဝန်းထဲတွင်သာ ညအိပ်ရင်း အခြေအနေစောင့်ကြည့်မည်ဟုဆိုကြသည်။ "သူတို့ကို ဘာမှ မလုပ်သ၍ မလုပ်ဘူးထင်တာပဲ။ စက်ခေါင်းရုံထဲမှာ ဆီတွေအများကြီး ရှိတယ်။ ဒါတွေလိုချင်လို့ လာတာလားမှ မသိဘဲ" ဟုအမျိုးသားဝန်ထမ်း တစ်ဦးက ပြောသည်။ ပွိုင့်ကား ငါးစီး၊စစ်ကား သုံးစီး၊ စစ်သားအပြည့်နှင့်အတူ ဆီတင်ဘောက်စာကားနှစ်စီးလည်း ပါလာသည်ဟု မျက်မြင်များကပြောသည်။ မြန်မာ့မီးရထား စက်ခေါင်းများအားလုံးကို ထိန်းသိမ်းပြုပြင်ပေးနေသည့် မလွှကုန်းမီးရထားဝန်းထမ်းထဲတွင် ဝန်ထမ်းမိသားစု တစ်ထောင်နီးပါးရှိပြီး လူဦးရေ လေးထောင်ကျော်ရှိသည်။ နေအိမ် သော့ပိတ် ထွက်ခွာနေသူများကို အနီးပတ်ဝန်းကျင်ရှိ လူငယ်များ က ပစ္စည်းများ ကူညီသယ်ဆောင်ပေးပြီး နေကြသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းများသည် အာဏာဖီဆန်သည့် CDM လုပ်လာကြသည်မှာ တစ်လကျော်ရှိနေပြီး မြန်မာ့မီးရထားလုပ်ငန်းသည် လုံးဝရပ်တန့်လျက်ရှိသည်။ Credit: