
================= မြစ်ဆုံအထက် ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်ရှောင်လာသူ (၂၀၀) ခန့်ရှိလာ ********** မတ်၊၁၆ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ မနေ့(မတ် ၁၅) ည ၅နာရီ ၁၅မိနစ်ခန့်က မြစ်ဆုံအထက် ဂွေထော်ကျေးရွာအနီးနှင့် ရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ရှောင်လာသူ (၂၀၀) ခန့် ရှိခဲ့သည်။ ယင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ (၄)ရွာမှ ပြည်သူ (၂၀၀)ခန့်နှင့် ပိတ်မိပြည်သူ ကျေးရွာ (၃)ရွာစာခန့်လည်းရှိကြောင်း တန်ဘောင်ယာန် ကျေးရွာကက်သလစ်အသင်းတော်မှ တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။ စစ်ရှောင်လာသည့် ပြည်သူတစ်ဦးက" မနေ့ည တိုက်ပွဲဖြစ်တဲ့အချိန် တောမှာပဲဖြစ်သလို အိပ်လိုက်ရတယ်၊ သေနတ်သံက တစ်ညလုံးကြားနေရတယ်။ ဒီမနက်မှ အခြေအနေကြည့်ပြီး တောလမ်းကနေ စက်လှေနဲ့ တန်ဖရဲဒီဘက်ကမ်းပြေးလာခဲ့တယ်။" ဟု ၎င်းကပြောသည်။ နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူများ အထိအခိုက်မရှိသော်လည်း ကျေးရွာတဖက်ကမ်းမှာတော့ လက်နက်ကြီးများ ကျကြောင်း စစ်ရှောင်ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိ စစ်ရှောင်လာသည့် ကျေးရွာများသည် မြစ်ဆုံအထက်ပိုင်း တန်ဘောင်ယာန်၊ ဂွေထော်၊ ဆနီတူယာန်၊ အူရှစ်ဇွပ် စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။ စစ်တပ်မှ အာဏာသိမ်း ပြီးနောက် မတ်လ (၁၁)ရက်နေ့ကစ၍ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် KIA တို့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဓတ်ပုံ- ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းက စစ်ရှောင်လာသည့် ပုံရိပ်များ (သတင်း) မြစ်ကြီးနားသတင်းဂျာနယ် Credit: