
စစ်အာဏာရှင် ကန့်ကွက်တဲ့ ကြံခင်းက ရဲဝန်ထမ်းညီအစ်ကို နှစ်ဦး ထောင် တစ်နှစ်ချခံရ ~~~~~ ■ စစ်အာဏာရှင်ကန့်ကွက်ကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားတာကြောင့် ဖမ်းဆီးခံထားရတဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့က ရဲဝန်ထမ်း ညီအစ်ကို နှစ်ဦးကို မနေ့က ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်တယ်လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က RFA ကို ပြောပါတယ်။ အချုပ်ကျခံနေရတဲ့ သား နှစ်ဦးကို ထောင်ကို ပို့ဆောင်တော့မှာဖြစ်တယ်လို့ အသိတစ်ဦးက မတ် ၁၅ ရက်နေ့မှာ ဆက်သွယ်ပြောဆိုလာတာကြောင့် ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို မေးမြန်းခဲ့ရာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင် တစ်နှစ်ချလိုက်တာ မှန်ကန်ကြောင်းအတည်ပြုပေမယ့် ဘယ်ထောင်ကို ပို့တယ်ဆိုတာ မသိရသေးဘူးလို့ ဦးသန့်စင်က ပြောပါတယ်။ အဲဒီရဲဝန်ထမ်း နှစ်ဦးကို အရင်က ကြံခင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ ပုသိမ်ကို ပို့လိုက်တယ်ဆိုတဲ့သတင်းသာ ကြားရပြီး ဘယ်နေရာမှာ စစ်ဆေးပြီး အမိန့်ချလိုက်တယ်ဆိုတာ မသိရဘူးလို့ မိသားစုက ပြောပါတယ်။ သားဖြစ်သူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလုံးက အာဏာရှင်စနစ်ကို တော်လှန်ခဲ့လို့ အခုလိုထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။ သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ခုနစ်နှစ်ရှိနေပြီး သားအငယ် ရဲ ဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် လေးနှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။ Credit: