No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကောင်စီကို ICC ရှေ့မှောက် ဘယ်လို အရောက်ပို့နိုင်မလဲ၊ CRPH ဥပဒေပိုင်းဆိုင်ရာ ချဥ်းကပ်နေ စစ်ကောင်စီကျုးလွန်နေတာတွေကို အပြစ်ပေး အရေးယူနိုင်ရေး အတွက် လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က နည်းလမ်း အမျိုးမျိုးသုံးပြီး ကြိုးစားလုပ်ဆောင် နေတာမှာ၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ အမှု တင်နိုင်ရေးလည်း ပါ၀င်တယ်လို့ နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ အမေရိကန်၊ ကိုလံဘီယာတက္ကသိုလ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လေ့လာရေးဌာနမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို ပြောခဲ့တာပါ။ မြန်မာနိုင်ငံဟာ ICC အဖွဲ့၀င်နိုင်ငံ မဟုတ်ပေမယ့်၊ မြန်မာအရေးကို ဘယ်လိုနည်းနဲ့ အမှုတင်နိုင်မလဲဆိုတာ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ICC ခုံရုံးဖွဲ့စည်းထားရှိဖို့ နိုင်ငံပေါင်း ၁၂၀ ကျော် ပဋိဉာဉ်ခံထားတဲ့ “ရောမသဘောတူမှု” ပါ အပိုဒ် ၁၂၊ အပိုဒ်ခွဲ ၃ကို CRPH က အသေးစိတ် လေ့လာနေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ အဲဒီမှာ ဖော်ပြထားချက်တွေအရ၊ မြန်မာအနေနဲ့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ရုံးတော်ထံပါး ကြေညာလျှောက်ထားနိုင်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ CRPH အနေနဲ့ အဲဒီလို လျှောက်ထားလို့ ICC က လက်ခံလိုက်ပြီ ဆိုရင်၊ CRPH ကို မြန်မာပြည်ရဲ့ တရား၀င် အစိုးရ အနေနဲ့ အသိအမှတ်ပြုတဲ့ အဓိပ္ပာယ်မျိုးထိ သက်ရောက်နိုင်ပါတယ်။ ICC ကို အမှုတင်နိုင်တဲ့ နောက်နည်းလမ်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမှုလွှဲပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်၊ အများသဘောတူမှုကို ပယ်ချနိုင်တဲ့ ဗီတိုအာဏာပိုင် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့၀င် ၅ နိုင်ငံထဲမှာ တရုတ်၊ ရုရှားလည်း ပါ၀င်နေတာကြောင့်၊ လုံခြုံရေးကောင်စီကတဆင့် မြန်မာ့အရေး ICC ကို ရောက်ဖို့ မလွယ်လှဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ-Getty ဒီသတင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက် ပေးနေပါတယ်။ https://www.bbc.com/burmese/live/burma-56331237 Credit: