
ကော့သောင်းမှာ ဂတ်စ်အိုးသယ်လာတဲ့ကားမှောက်ပြီး မီးလောင်ပေါက်ကွဲလို့ ၁ ဦးသေဆုံး ဇန်နဝါရီ - ၁၅ ၊၂၀၂၁ ကော့သောင်းမှာ ဂတ်စ်အိုးတွေသယ်လာတဲ့ ဆယ်ဘီးကား မှောက်ပြီးပေါက်ကွဲ ရာကနေ လူတစ်ဦး သေဆုံး ကာ အနားမှာရှိတဲ့ နေအိမ်သုံး အိမ်လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာနက နေ သိရပါတယ်။ မနေ့က ညပိုင်း ၁၂ နာရီ ၄၅ မိနစ် လောက်က ဂတ်စ်အိုးသယ်လာတဲ့ ဆယ်ဘီးကားဟာ ကော့သောင်းမြို့ ၊ ရွှေပြည်သာရပ်ကွက် ၊ မြရည်ပုလဲလမ်းမှာ အရှိန်လွန်ပြီးတိမ်းမှောက်ကာ ဂတ်စ်အိုးတွေ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီလိုပေါက်ကွဲပြီးမီးလောင်မှုမှာ အခင်းဖြစ်တဲ့နားက နေအိမ်သုံး အိမ် လည်း မီးလောင်ခဲ့ပြီး လူတစ်ဦး လည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် သေဆုံးသူဟာ ရုပ်ပျက်နေပြီဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကို စိစစ်နေဆဲ လို့ ကော့သောင်းခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးက ပြောပါတယ်။ အဲ့ဒီမီးလောင်မှုကို ကော့သောင်းမြို့နယ်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၄ စီး ၊ ရေသယ်ယာဉ် ၁စီး ၊ အရပ်ဘက်ရေသယ်ယာဉ် ၁ စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးတို့နဲ့ ငြိမ်းသတ်ခဲ့ပြီး မိနစ်လေးဆယ်ကျော်ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၈၆ သိန်းကျော်ရှိပြီး ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ဆီကဆိုပါတယ်။