
ကချင်ပြည်နယ်အတွင်းရှိ ကျောင်းအပ်သတင်းများ (မေလ ၂၅ရက်၊၂၀၂၁) ယမန်နေ့ မေလ ၂၄ရက်နေ့ ကျောင်းအပ်ရပ် ပထမ ရက်မှာတင် ပူတာအိုမြို့အတွင်းရှိ အထက်တန်းကျောင်း(အ.ထ.က)တွင် ကျောင်းလာအပ်နှံသူ ၃၀၀နီးပါး ဝန်းကျင်ရှိကြောင်းသိရသည်။ ထိုနည်းတူ ရဲနှင့်စစ်သားများက လုံခြုံရေးယူပေးထားသော ပူတာအိုခရိုင် ၊ နောင်မွန်မြို့အတွင်းရှိ စာသင်ကျောင်းမှာလည်း ကျောင်းလာအပ်သည့် မိဘပြည်သူအများအပြားရှိကြောင်းသိရသည်။ စစ်ကောင်စီ လက်နက်ကိုင်များ လုံခြုံရေးယူထားပေးသော ကျောင်းသား ၃၀၀ခန့်ရှိသည့် ပူတာအိုခရိုင် မချမ်းဘော့မြို့က အလယ်တန်းကျောင်းတွင် ယမန်နေ့ကျောင်းသားအမည်စာရင်း စတင်ကောက်ခံရာ ကျောင်သား နှစ်ယောက်သာ လာရောက်ကျောင်းအပ်ကြောင်း သတင်းရရှိသည်။ ထိုကျောင်းသားနှစ်ယောက်မှာ ဆရာမတွေရဲ့ကလေး နှစ်ယောက်ဖြစ်ပြီး နောက်ပိုင်း ဆရာမတွေ ကိုယ်တိုင် သွားခေါ်လို့ ကျောင်းအပ်သည့် ကျောင်းသား ၈ယောက်အထိ ဖြစ်သွားသည်ဟု ဒေသခံ တစ်ဦးကဆိုသည်။ ယမန်နေ့တွင်ပဲ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးရွာများရှိ ကျောင်းများတွင် လာရောက်ကျောင်းအပ်သူ အနည်းငယ်ရှိသော်လည်း မြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းအပ်သူ မရှိကြကြောင်း သိရသည်။ မေလ ၂၅ ရက်၊ ယနေ့တွင်တော့ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွ(Lam Braw Yang) ကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းတက်ရန် ကျောင်းသား ၁ ဦးသာရှိကြောင်း သိရသည်။ လမ်းခွကျေးရွာတစ်ခုလုံးရှိ ကျောင်းသူ/သားများက ကျောင်းတက်မည်မဟုတ်သော်လည်း အမည်မဖော်လိုသော ကျောင်းသားတစ်ဦးသာ ကျောင်းတက်ရန် စီစဉ်နေသည်ဟု လမ်းခွ ဒေသခံ တစ်ဦးက ပြောသည်။ မိုးကောင်းမြို့အတွင်းရှိ ကျောင်းများတွင် ကျောင်းလာအပ်သူများ မရှိသော်လည်း ကျောင်းဝင်းအတွင်း ဆရာ/မ တို့ တစ်ချို့က ရှိနေကြောင်းသိရသည်။ သို့သော် နမ္မတီး မြို့မ ရပ်ကွက် အထက်တန်းကျောင်းတွင် ရဲနှင့်စစ်သားက လုံခြုံရေးယူပေးကာ ကျောင်းအမည်စာရင်း ကောက်ခံမှုများ ရှိနေကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊လုံးခင်းအထက်တန်းမှ မေလ ၂၄ ရက်တွင် ကျောင်းအပ်စတင်လက်ခံမည်ဟုဆိုသော်လည်း ကျောင်း ဖွင့်သူမရှိ သော့ခတ်ထားရသည်။ ကျောင်းအပ်သူ မရှိသည့် ဖားကန့်မြို့နယ်၊ တာမခန်အထက်တန်းကျောင်းကို ယနေ့တွင် စာရေးသား ဆေးဆိုး သပိတ်ပြုလုပ်ထားကြောင်းတွေ့ရသည်။ မချမ်းဘော့မြို့က အလယ်တန်းကျောင်း၌ ကျောင်းလာအပ်သူ ၂ဦးသာရှိသည်ဟုလည်း ကချင်သတင်းများ၌ ဖော်ပြကြသည်။ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု မော်တောင်းမူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် အခြားတစ်ယောက်ကိုခိုင်း၍ ကျောင်းသားများအား ကျောင်းတက်ရန် တစ်အိမ်ဝင်တစ်အိမ်ထွက် ကျောင်းသားအမည်စာရင်း လိုက်ကောက်နေကြောင်း သတင်းရရှိသည်။ ကျောင်းအုပ်ဆရာမကြီးမှလွဲပြီး ကျန်ဆရာ ဆရာမတွေက CDM ဝင်နေကြသည့် ထိုကျောင်းမှ အိမ်တိုင်ရာရောက်အမည်စာရင်း လိုက်ကောက်နေသော်လည်း အချို့ကျောင်းသားမိဘများသည် ကျောင်းအပ်နှံခြင်း မရှိကြကြောင်း သိရသည်။ မြစ်ကြီးနားမြို့ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့်အခြား အကသ ကျောင်းသားရဲဘော်များ ပူးပေါင်းပြီး ကျောင်းမတက်ရေးအတွက် မိဘပြည်သူများထံ လက်ကမ်း စာစောင်ဖြန့်ဝေခဲ့။ Source : Kachin News Group ၊ Kachin Waves ဓါတ်ပုံ - ကျောင်းအပ်စာရင်းမရှိ၍ ဆေးသပိတ်ပြုလုပ်ခံထားရသော တာမခန်ကျောင်း (ဖားကန့်) Credit: