
"အောင်သပြေပန်းတွေနဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေးက မြို့သိမ်းသပိတ်စစ်ကြောင်း" မန္တလေး - ၂၀၂၁ ဇွန် ၄ (မော်ကွန်း) မန္တလေးမြို့က မြို့သိမ်းသပိတ်စစ်ကြောင်းလို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဒီကနေ့ နံနက်ခင်းမှာ အောင်သပြေပန်းတွေကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒ ပြခဲ့ကြပါတယ်။ မြို့သိမ်းသပိတ်စစ်ကြောင်းဟာ နေ့စဥ်ဆန္ဒထုတ်ဖော်နေကြတဲ့ ချမ်းမြသာစည်သပိတ်စစ်ကြောင်း၊ ကျောင်းသားသမဂ္ဂအဖွဲ့သပိတ်စစ်ကြောင်း၊ ရတနာပုံတက္ကသိုလ် သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း စတဲ့စစ်ကြောင်းပေါင်းစုံ စုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့လည်း ပူးပေါင်းကာ စျေးတစ်ခုအတွင်း ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမှာတော့ ရဲနဲ့စစ်တပ်ဟာ ဆိုင်ကယ်တွေနဲ့ပါ မြို့တွင်းလှည့်လည်စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး လှည့်လည်ရာမှာ အမျိုးသမီးရဲမေတွေပါ ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့က နောက်ထပ်အင်အားများတဲ့ စစ်ကြောင်းတွေဖြစ်တဲ့ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း နဲ့ မဟာအောင်မြေလူထုသပိတ်စစ်ကြောင်းတို့ကလည်း မန္တလေးရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ ၇၃လမ်းမကြီးပေါ်အထိ တက်ရောက်လာကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ပြခဲ့ကြပါတယ်။ ဓာတ်ပုံ - RDM Credit: