No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"မစိုးရိမ်တိုက်သစ်သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီထုတ်ပြန်ချက် မှန်ကန်မှုမရှိဘဲ ရဟန်းသံဃာတော်များအား ဆဲဆိုဖြိုခွင်းပစ်ခတ်ခဲ့ကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ ပြန်လည်ထုတ်ပြန်" မန္တလေး - ၂၀၂၁ ဇွန် ၇ (မော်ကွန်း) ဇွန် ၁ ရက်နေ့ညပိုင်းက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ရှေ့တွင် ညပရိတ်ရွတ်သံဃာတော်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆဲဆိုဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန် ၁ ရက်နေ့ည ၈ နာရီခန့်က ညပရိတ်ရွတ်နေသော သံဃာတော်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလေးစီးဖြင့် လာရောက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ တိုက်တွင်းနေရဟန်းတော်များကိုပါ ဝင်ရောက်ဆဲဆိုကြိမ်းမောင်းခဲ့ပြီး ခြိမ်းခြောက်ပစ်ခတ်ခဲ့ကြောင်း၊ ပြေးလွှားပုန်းအောင်းရင်း သံဃာတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပရိယတ္တိစာသင်တိုက်အတွင်း လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ပစ်ခတ်ခြင်းများမှာ မစိုးရိမ်တိုက်သစ်၏ ဂုဏ်ကို ထိခိုက်စေသည့်အပြင် ဗုဒ္ဓဘာသာနှင့်သာသနာတော်ကို မလေးစားခြင်း တန်ဖိုးမထားခြင်းဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ဇွန်လ ၄ ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ် သံဃာတော်များအား ဆဲဆိုဖြိုခွင်းပစ်ခတ်မှုများ မပြုလုပ်ခဲ့ဟု ဖော်ပြခဲ့ကြောင်း၊ ထိုကဲ့သို့ ဖော်ပြမှုသည် ဖြစ်စဥ်အမှန်နှင့် လွဲချော်နေသည့်အပြင် သတင်းမှန်ဖော်ပြသူတို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေ၍ ကန့်ကွက်ကြောင်း၊ သို့ဖြစ်၍ သတင်းမှားဖော်ပြခြင်းအပါအဝင် မစိုးရိမ်တိုက်သစ်ကို အဂါရဝဖြစ်စေသော လုပ်ရပ်များကို ကန့်ကွက်ကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်စာမှာ အစစ်အမှန်ဖြစ်ကြောင်း မစိုးရိမ်တိုက်သစ်ကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မော်ကွန်းကို အတည်ပြုမိန့်ကြားသည်။ Credit: