No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို အားပေးကူညီရန် မြန်မာအစိုးရ ၊ မြန်မာပြည်သူ များနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်အသစ် သောမတ်စ်ဗိုက်ဒါကပြောကြားလိုက်သည်။ အမေရိကန်သံအမတ်ကြီးက မြန်မာနိုင်ငံသို့ ပြန်လာရသည့်အတွက် စိတ်လှုပ်ရှား ဝမ်းသာရပြီး ၎င်းမိသားစုအတွက်လည်း မြန်မာနိုင်ငံသည် ထူးခြားသော အမှတ်ရစရာဒေသတစ်ခုဖြစ်ကြောင်း ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ၃နှစ်တာကာလတွင် မြန်မာနိုင်ငံ၏ သာယာလှပမှု ယဉ်ကျေးမှုအစဉ်အလာနှင့်မတူကွဲပြားခြင်းပေါင်းစုံမှုအချို့ကို သိရှိခံစားခွင့်ရခဲ့ကြောင်းလူမှုအသိုက်အဝန်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် လုပ်ဆောင်နေကြသည့် ပုဂ္ဂိုလ်များနှင့် အတူ လေးစားရသည့်မိတ်ဖက်အနေဖြင့် မြဲမြံတတည်ငြိမ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သံအမတ်ကြီးအသစ် သောမတ်စ်ဗိုက်ဒါသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အမေရိကန် သံအမတ်အသစ်သည် ဇန်နဝါရီ ၁၉ရက်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ သွားရောက်တွေ့ဆုံ၍ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့သည်။ ၎င်း၏နေပြည်တော်ခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံခဲ့သည် ထိုသို့တွေ့ဆုံရာတွင် အမေရိကန် နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးပိုမိုခိုင်မာ အားကောင်းစေရေးအတွက် အမေရိကန်၏ ကတိကဝတ်ကို သံအမတ်က အထူးအလေးပေးပြောကြားခဲ့ကြောင်းသိရသည်။ Credit: