No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကိုရိုနာဗိုင်းရပ်စ် အသွင်ပြောင်းသွားပေမယ့် ကာကွယ်ရေးနည်းတွေမပြောင်းလဲ ~~~~~~ ဦးသစ်ဆင်း ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၉ သန်း နီးပါးရှိပါပြီ။ နိုင်ငံအများမှာ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့်၊ ကူးစက်မှုစတင်ခဲ့ရာ တရုတ်ပြည်၊ ၀ူဟနျမွို့မှာတော့ အခြေအနေတွေက ပုံမှန်ဖြစ်နေပြီလို့ သိရပါတယ်။ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ကိုးဆယ့်ရှစ်သန်း ရှစ်သိန်းကျော်၊ သေဆုံးသူ နှစ်သန်း တစ်သိန်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ ခုနစ်ဆယ့်တစ်သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အခုထိ ကူးစက်ခံရသူ တစ်သိန်း သုံးသောင်းခုနစ်ထောင်ကျော်၊ သေဆုံးသူ ၃၀၄၅ ဦး၊ ပြန်လည်ကောင်းမွန်လာသူ တစ်သိန်း နှစ်ထောင်ကျော်ရှိပါတယ်။ နိုင်ငံပေါင်း ၂၂၁ နိုင်ငံမှာ မြန်မာက အဆင့် ၇၁မှာ ရှိနေဆဲပါ။ ပြီးခဲ့တဲ့လတွေအတွင်း အဆင့် ၁၂၀ကျော်ကနေ မြင့်တက်လာခဲ့တာပါ။ ဒီအတွင်း အိန္ဒိယနိုင်ငံက မြန်မာအတွက် ပြည်တွင်းဖြစ် ကာကွယ်ဆေး တစ်သန်းခွဲခန့်ကို ချစ်ကြည်ရေး လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။ အောက်စဖို့စ်တက္ကသိုလ်နဲ့ အမေရိကန်ပူးတွဲပြီး AstraZeneca ဆေး ထုတ်လုပ်တဲ့ နည်းပညာအတိုင်း အိန္ဒိယမှာ ထုတ်လုပ်နေတဲ့ ဆေးဖြစ်ပါတယ်။ တရုတ်ပြည်ကလည်း သူ့ရဲ့ ပြည်တွင်းဖြစ် Sinovac ကာကွယ်ဆေး အလုံးရေ သုံးသိန်းလောက် လှူဒါန်းမယ်လို့ သိရပေမယ့်၊ အခုထိတော့ မရောက်လာသေးပါဘူး။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်ပြည် ၀ူဟနျမွို့မှာတော့ မနေ့က ကူးစက်မှု တနှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ကူးစက်မှုကြောင့် လူဦးရေ ၁၁ သန်းရှိတဲ့ တစ်မြို့လုံးကို ၇၆ ရက်ကြာ ပိတ်ထားခဲ့ရတာပါ။ ဒါပေမဲ့ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့လို့ အခုအခါ ၀ူဟနျ မြို့ဟာ ပြန်လည်စည်ကားနေပြီ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ နှစ်သစ်ကူးရာသီအတွင်း ပြည်တွင်းခရီး သွားလာတာတွေအပေါ် စည်းကမ်းသစ်တွေ ချမှတ်ပြီး တင်းကျပ်ထားပါတယ်။ ဘေဂျင်းမြို့တော် အနီးက လူနှစ်သန်းလောက်ကိုလည်း ရောဂါပိုး စစ်ဆေးမှာဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲအတွက် ဇာတိရပ်ရွာ ကျေးလက်ဒေသတွေကို ပြန်လာသူတွေအနေနဲ့ ရောဂါကင်းရှင်းကြောင်း ထောက်ခံစာ ယူဆောင်သွားရမယ့်အပြင်၊ သီတင်းနှစ်ပတ်ကြာ ကွာရာတင်းလည်း ဝင်ရမယ်လို့ သိရပါတယ်။ ကူးစက်မှုဒဏ် အပြင်းအထန်ခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ မနေ့က တစ်ရက်အတွင်း ကူးစက်သူအသစ် တစ်သိန်းကိုးသောင်းကျော် တွေ့ရှိပြီး လေးထောင့်သုံးရာကျော် သေဆုံးခဲ့ပါတယ်။ အခုထိ ကူးစက်ခံရသူ ၂၅သန်းကျော် ရှိပါတယ်။ ဘရာဇီးနိုင်ငံက နှစ်သိန်းတစ်သောင်းခွဲကျော်၊ အိန္ဒိယက တစ်သိန်းခွဲကျော် ရှိပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာ ကူးစက်မှု အဆိုးဆုံးအထိ ရောက်ပြီးမှ အကောင်းဘက်ကို ရွေ့လာမယ်လို့ သမ္မတသစ် ဂျိုးဘိုင်ဒင်က ပြောပါတယ်။ သမ္မတအဖြစ် ပထမ ရက်တစ်ရာအတွင်း လူပေါင်းသန်းတစ်ရာအထိ ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် တပ်မတော်ရဲ့ အကူအညီနဲ့ စစ်ဆင်ရေး တစ်ရပ်အသွင် ဖေါ်ဆောင်နေတယ်လို့ဆိုပါတယ်။ အားကစားကွင်းကြီးတွေကို ကာကွယ်ဆေးထိုးရေး နေရာတွေအဖြစ် အသွင်ပြောင်းနေသလို၊ ဆေးဆိုင်တွေမှာ အလွယ်တကူထိုးနှံနိုင်ဖို့လည်း စီစဉ်နေပါတယ်။ သမ္မတရဲ့ ဆေးပညာအကြံပေး ဒေါက်တာဖေါ့ချီကလည်း နွေရာသီအကုန်မှာ အမေရိကန် နိုင်ငံသား ၈၅%အထိ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ မျှော်မှန်းကြောင်းလည်း ပြောပါတယ်။ ဟောင်ကောင်မှာတော့ လူနေပြွတ်သိပ်နေတဲ့ အဆင်းရဲဆုံး ရပ်ကွက်တစ်ခုက ထောင်နဲ့ချီတဲ့ ဒေသခံကို အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားပါတယ်။ ဒီအတွင်း နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်က ဘိုးဘွားရိပ်သာတစ်ခုမှာ ပြီးခဲ့တဲ့ မတ်လကတည်းက ဗြိတိန်က စတင်ခဲ့တဲ့ ကူးစက်မြန်အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်ချက်စည်းမျဉ်းတွေ အတင်းကျပ်ဆုံး ချမှတ်ထားပါတယ်။ ပြင်သစ်မှာလည်း ဗြိတိန် အသွင်ပြောင်းဗိုင်းရပ်စ်ကြောင့် မြို့တွေကို ပိတ်ထားရမယ့် အခြေအနေ ပိုမိုနီးကပ်လာနေကြောင်း ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့ပြင် လက်ရှိ သီတင်းပတ် သုံးလေးပတ်ခြားပြီး နှစ်ကြိမ် ထိုးနှံနေတဲ့ ကိုရိုနာ ကာကွယ်ဆေးကို သီတင်း ခြောက်ပတ်ခြားပြီး ထိုးနှံနိုင်တယ်လို့ ဆိုပါတယ်။ အခုအခါ အသွင်ပြောင်းကိုရိုနာဗိုင်းရပ်စ်အသစ် ပျံ့နှံ့နေပေမယ့်၊ ကူးစက်ပုံ ကူးစက်နည်းက အပြောင်းအလဲ မရှိတာကြောင့်၊ နှာခေါင်းစည်းတပ်ဆင်တာအပါအဝင် ကိုရိုနာ ကာကွယ်ရေး စည်းမျဉ်းတွေလည်း ပြောင်းလဲမသွားကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ဂျာမဏီ နဲ့ ဩစတြီးယားမှာ ပိုမို စိတ်ချရအောင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေ တပ်ဆင်လာနေကြချိန်မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ဘရာဇီးနိုင်ငံမှာလည်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်စတင်ခဲ့ပေမယ့်၊ ကိုရိုနာ ကူးစက်မှုဒဏ် အပြင်းအထန်ခံခဲ့ရလို့၊ ကာကွယ်ဆေးနဲ့ ဆေးထိုးပိုက်တွေ မလုံမလောက် ဖြစ်နေရပါတယ်။ ဒီအတွက် ဘရာဇီး အစိုးရမှာလည်း ပြစ်တင်ဝေဖန်ခံနေရပါတယ်။ သီရိလင်္ကာမှာတော့ ကိုရိုနာကူးစက်ခံရသူတွေကို ဇာဒိတ်ဖိုလ်သီးနဲ့ ပျားရည် ရောစပ်တိုက်ကျွေးဖို့ ကျန်းမာရေးဝန်ကြီးက လူသိရှင်ကြား ထောက်ခံပြောဆိုလိုက်ပါတယ်