No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အရင်က မတွေ့ဖူးသေးတဲ့ နောက်ထပ် ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုး ဂျပန်မှာ တွေ့ရှိ ဇန်နဝါရီ - ၁၁၊ ၂၀၂၁ Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ထပ် ပုံပြောင်း အမျိုးအစားသစ် တစ်ခုကို ဂျပန်နိုင်ငံမှာ တွေ့ရှိထားကြောင်း သိရပါတယ်။ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ ပုံပြောင်း ဗိုင်းရပ်စ် အမျိုးအစား နှစ်ခုကို ဗြိတိန်နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ စတင် ထောက်လှမ်း တွေ့ရှိထားပြီးပါပြီ။ အခုထပ်တွေ့တဲ့ အမျိုးအစားက အဲဒီ ပုံပြောင်းဗိုင်းရပ်စ် နှစ်ခုလုံးနဲ့ ဖွဲ့စည်းပုံ မတူဘူးလို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ၊ အမ်မဇိုနက်စ် ပြည်နယ်ကနေ ပြန်လာသူ ၄ ဦးမှာ အဲဒီ ပုံပြောင်း ဗိုင်းရပ်စ် အသစ်ကို တွေ့ရှိထားခဲ့တာပါ။ ဒီကိုရိုနာဗိုင်းရပ်စ် ပုံစံသစ်က ရောဂါ ကူးစက်နှုန်းနဲ့ ပြင်းထန်မှုအပေါ် ဘယ်လိုဘယ်ပုံ အပြောင်းအလဲ ဖြစ်စေနိုင်သလဲ၊ အသေအပျောက် ပိုမြင့်လာနိုင်သလား၊ ကာကွယ်ဆေးတွေ ထိရောက်ပါတော့မလား အစရှိတဲ့ မေးခွန်းတွေကို လောလောဆယ် မဖြေနိုင်သေးဘဲ သုတေသနပြု လေ့လာနေဆဲလို့ ဂျပန် ကူးစက်ရောဂါဆိုင်ရာ ဓာတ်ခွဲဌာန အကြီးအကဲ တာကာဂျီ ဝါကီတာက ပြောပါတယ်။ ဂျပန်မှာ အဲဒီ ပုံပြောင်းဗိုင်းရပ်စ်ကို စတွေ့တယ် ဆိုပေမယ့် မူလရင်းမြစ်ကတော့ ဘရာဇီးနိုင်ငံလို့ ယူဆရမယ့် သဘောပါ။ ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနကလည်း အဲဒီ ပုံပြောင်းဗိုင်းရပ်စ်ဟာ မူလပုံစံနဲ့ ကွဲပြားမှု ၁၂ ခု ရှိနေတယ်ဆိုတဲ့ သုတေသန အချက်အလက်တွေကို ဂျပန်ဆီကနေ လက်ခံ ရရှိထားကြောင်း ပြောပါတယ်။ ဂျပန်မှာ တွေ့ရှိထားတဲ့ ပုံပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဦးထဲမှာ ၁ ဦးက အသက်ရှူကျပ်ပြီး ၁ ဦးက လည်ချောင်းနာ၊ ခေါင်းကိုက်တာတွေ ခံစားရကြောင်း၊ ၁ ဦးက နည်းနည်းဖျားပြီး ဆယ်ကျော်သက် မိန်းကလေး ၁ ဦးကတော့ ဘာရောဂါ လက္ခဏာမှ မပြသကြောင်း သိရှိရပါတယ်။ Credit: 7Day