No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဝူဟန်ကို သွားရောက်မယ့် WHO ပညာရှင်အဖွဲ့ အခုသီတင်းပတ်မှာ ရောက်ရှိမယ်လို့ တရုတ်အတည်ပြု၊ အရင်က မတွေ့ဖူးသေးတဲ့ နောက်ထပ် ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုး ဂျပန်မှာ တွေ့ရှိ၊ မူးယစ်မှောင်ခိုဂိုဏ်းတွေကို ဟွန်းဒူးရပ်စ် သမ္မတ ကူညီခဲ့တယ်လို့ အမေရိကန် စွပ်စွဲ၊ ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံတော့မယ့် ဘိုင်ဒန်၊ လွှတ်တော်ကို ဝင်စီးနင်းသူတွေကို နာဇီတွေနဲ့ ခိုင်းနှိုင်း စွပ်စွဲလိုက်တဲ့ အာနိုးလ် စတဲ့ ဒီနေ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နောက်ဆုံးရ နိုင်ငံတကာသတင်း ဇန်နဝါရီ-၁၁၊ ၂၀၂၁ ဝူဟန်ကို သွားရောက်မယ့် WHO ပညာရှင်အဖွဲ့ အခုသီတင်းပတ်မှာ ရောက်ရှိမယ်လို့ တရုတ်အတည်ပြု ကပ်ရောဂါ ကူးစက်မှုတွေရဲ့ မူလအစကို စုံစမ်းမယ့် နိုင်ငံတကာ ပညာရှင် အဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်မှာ ရောက်ရှိလာမယ်လို့ တရုတ် အစိုးရက အတည်ပြုခဲ့ပါတယ်။ တရုတ် ကျန်းမာရေး ကော်မရှင်က ခပ်တိုတို ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဇန်နဝါရီ ၁၄ ရက်ကျရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စေလွှတ်လိုက်တဲ့ ဆေးသုတေသနနဲ့ သိပ္ပံ ပညာရှင်တွေကို ကြိုဆိုသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ အမျိုးအမည်မသိ ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးကြောင့် ကပ်ရောဂါ ကူးစက်မှုတွေ စတင်လာပြီး တစ်နှစ်ကျော် အကြာကျမှ ရောဂါရဲ့ မူလအစကို နိုင်ငံတကာ ပညာရှင်တွေ စုံစမ်းစစ်ဆေးဖို့ အခွင့်အရေး ရလာတာ ဖြစ်ပါတယ်။ အရင်ကတော့ တရုတ် အစိုးရဟာ ဝူဟန်ကို နိုင်ငံတကာ သိပ္ပံပညာရှင်တွေ ဝင်ရောက် စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုမှုတွေကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပါတယ်။ WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂရီဘရီယီးဆက်စ်က ပညာရှင်အဖွဲ့ တရုတ်ကို ပြည်ဝင်ခွင့်ဗီဇာ ရရှိဖို့ကိစ္စ နှောင့်နှေးနေတဲ့အပေါ် စိတ်ပျက်ကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့ပြီး တစ်ပတ်လောက် အကြာမှာ တရုတ်ဖက်က အခုကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ WHOရဲ့ အရာရှိ တစ်ဦးက ဦးဆောင်ပြီး နိုင်ငံတကာ ပညာရှင် ၁၀ ဦး ပါရှိတဲ့ အဖွဲ့ဟာ ဝူဟန်မြို့မှာ ကပ်ရောဂါ ကူးစက်မှုတွေ ဘယ်လိုဘယ်ပုံ စတင်ခဲ့သလဲဆိုတာ စုံစမ်း ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဝူဟန်မြို့ရဲ့ သားစိမ်းငါးစိမ်းနဲ့ ပင်လယ်စာ စျေးကြီး တစ်ခုက အစပြုခဲ့တဲ့ ကပ်ရောဂါဟာ အခုဆိုရင် ကမ္ဘာတလွှားမှာ လူပေါင်း သန်း ၉၀ ကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကလည်း ၂ သန်းနီးပါးထိ တရွေ့ရွေ့ နီးကပ်လာနေကြောင်း သိရပါတယ်။ အရင်က မတွေ့ဖူးသေးတဲ့ နောက်ထပ် ပုံပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုး ဂျပန်မှာ တွေ့ရှိ Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ထပ် ပုံပြောင်း အမျိုးအစားသစ် တစ်ခုကို ဂျပန်နိုင်ငံမှာ တွေ့ရှိထားကြောင်း သိရပါတယ်။ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ ပုံပြောင်း ဗိုင်းရပ်စ် အမျိုးအစား နှစ်ခုကို ဗြိတိန်နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ စတင် ထောက်လှမ်း တွေ့ရှိထားပြီးပါပြီ။ အခုထပ်တွေ့တဲ့ အမျိုးအစားက အဲဒီ ပုံပြောင်းဗိုင်းရပ်စ် နှစ်ခုလုံးနဲ့ ဖွဲ့စည်းပုံ မတူဘူးလို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ၊ အမ်မဇိုနက်စ် ပြည်နယ်ကနေ ပြန်လာသူ ၄ ဦးမှာ အဲဒီ ပုံပြောင်း ဗိုင်းရပ်စ် အသစ်ကို တွေ့ရှိထားခဲ့တာပါ။ ဒီကိုရိုနာဗိုင်းရပ်စ် ပုံစံသစ်က ရောဂါ ကူးစက်နှုန်းနဲ့ ပြင်းထန်မှုအပေါ် ဘယ်လိုဘယ်ပုံ အပြောင်းအလဲ ဖြစ်စေနိုင်သလဲ၊ အသေအပျောက် ပိုမြင့်လာနိုင်သလား၊ ကာကွယ်ဆေးတွေ ထိရောက်ပါတော့မလား အစရှိတဲ့ မေးခွန်းတွေကို လောလောဆယ် မဖြေနိုင်သေးဘဲ သုတေသနပြု လေ့လာနေဆဲလို့ ဂျပန် ကူးစက်ရောဂါဆိုင်ရာ ဓာတ်ခွဲဌာန အကြီးအကဲ တာကာဂျီ ဝါကီတာက ပြောပါတယ်။ ဂျပန်မှာ အဲဒီ ပုံပြောင်းဗိုင်းရပ်စ်ကို စတွေ့တယ် ဆိုပေမယ့် မူလရင်းမြစ်ကတော့ ဘရာဇီးနိုင်ငံလို့ ယူဆရမယ့် သဘောပါ။ ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနကလည်း အဲဒီ ပုံပြောင်းဗိုင်းရပ်စ်ဟာ မူလပုံစံနဲ့ ကွဲပြားမှု ၁၂ ခု ရှိနေတယ်ဆိုတဲ့ သုတေသန အချက်အလက်တွေကို ဂျပန်ဆီကနေ လက်ခံ ရရှိထားကြောင်း ပြောပါတယ်။ ဂျပန်မှာ တွေ့ရှိထားတဲ့ ပုံပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဦးထဲမှာ ၁ ဦးက အသက်ရှူကျပ်ပြီး ၁ ဦးက လည်ချောင်းနာ၊ ခေါင်းကိုက်တာတွေ ခံစားရကြောင်း၊ ၁ ဦးက နည်းနည်းဖျားပြီး ဆယ်ကျော်သက် မိန်းကလေး ၁ ဦးကတော့ ဘာရောဂါ လက္ခဏာမှ မပြသကြောင်း သိရှိရပါတယ်။ မူးယစ်မှောင်ခိုဂိုဏ်းတွေကို ဟွန်းဒူးရပ်စ် သမ္မတ ကူညီခဲ့တယ်လို့ အမေရိကန် စွပ်စွဲ ဟွန်းဒူးရပ်စ် သမ္မတ ဟွမ် အော်လန်ဒို ဟာနန်ဒက်ဇ်ဟာ လာဘ်ငွေယူပြီး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို အကူအညီ ပေးခဲ့ကြောင်း အမေရိကန် အစိုးရ ရှေ့နေတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ သမ္မတ ဟာနန်ဒက်ဇ်ဟာ အမေရိကန်ကို ကိုကင်း မူးယစ်ဆေးဝါးတွေ တင်ပို့တဲ့ မှောင်ခိုဂိုဏ်းတွေကို သူ့ရဲ့ လုပ်ပိုင်ခွင့် သုံးပြီး အကူအညီ ပေးခဲ့တယ်ဆိုတဲ့ အထောက်အထား အသစ်တွေကို အမေရိကန် အစိုးရ ရှေ့နေတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တင်ပြလာခဲ့ပါတယ်။ အမေရိကန်ဟာ အလယ်ပိုင်း အမေရိက ဒေသတွင်း နိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့ပေမယ့် အခုတော့ သမ္မတ ကိုယ်တိုင်က မူးယစ်ဆေးဝါး မှောင်ခိုမှုတွေမှာ အလိုတူ အလိုပါ သဘောမျိုး ဖြစ်နေပါတယ်။ မတ်လတုန်းက မီယာမီမှာ ဖမ်းဆီးရမိတဲ့ ဟွန်းဒူးရပ်စ် နိုင်ငံသား မူးယစ်မှောင်ခိုသမား တစ်ဦးကို စစ်ဆေးရင်း သမ္မတနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာ တွေ့ရှိလာတာလို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ဟာနန်ဒက်ဇ်ဟာ အရင်က အမေရိကန် အာဏာပိုင်တွေရဲ့ ဆက်သွယ် မေးမြန်းမှုမှာ ပါဝင်ခဲ့ဖူးပေမယ့် တရားရုံးမှာ ဖြေရှင်းရတာမျိုးတော့ မရှိခဲ့ပါဘူး။ အသက် ၅၂ နှစ်အရွယ် ဟာနန်ဒက်ဇ်ကတော့ သူဟာ ဘယ်လို ရာဇဝတ်မှုမှ ကျူးလွန်မထားကြောင်း ငြင်းချက်ထုတ်ခဲ့ပြီး သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းတွေ အောင်မြင်နေတာကြောင့် အတိုက်အခံတွေဖက်က နိုင်ငံရေးအရ အကွက်ဆင် ထိုးနှက်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲထားပါတယ်။ ဟာနန်ဒက်ဇ်ဟာ ၂၀၁၃ ခုနှစ်မှာ သမ္မတ ဖြစ်လာပြီး ၂၀၁၈ ခုနှစ်မှာလည်း ဒုတိယမြောက် သက်တမ်းအတွက် ထပ်မံ ရွေးကောက် ခံခဲ့ရပါတယ်။ ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံတော့မယ့် ဘိုင်ဒန် အမေရိကန် သမ္မတသစ် ဖြစ်လာမယ့် ဂျိုးဘိုင်ဒန်ဟာ ဒုတိယမြောက် ကာကွယ်ဆေး Booster ထိုးနှံမှု ခံယူတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ဘိုင်ဒန်က Booster ဆေးတစ်လုံး ထပ်ထိုးပြီးရင် သူ့ရဲ့ Covid-19 ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ် ပြီးမြောက်သွားတော့မှာပါ။ အသက် ၇၈ နှစ်အရွယ် ဘိုင်ဒန်ဟာ ဒီဇင်ဘာ ၂၁ ရက်က ဒယ်လာဝဲပြည်နယ်၊ နီဝက်ခ်မြို့မှာရှိတဲ့ ခရစ္စတီယာနာ ဆေးရုံမှာ ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံမှု ခံယူထားပါတယ်။ Pfizerနဲ့ BioNTechတို့က ပူးပေါင်း ထုတ်လုပ်ထားတဲ့ အဲဒီ ကာကွယ်ဆေးဟာ သီတင်း သုံးပတ်ခြားပြီး Boosterအဖြစ် နောက်ဆေးတစ်လုံး ထပ်ထိုးဖို့ လိုပါတယ်။ ဘိုင်ဒန်က ကာကွယ်ဆေးဟာ ဘေးကင်း လုံခြုံကြောင်း ပြည်သူတွေ ယုံကြည်လာအောင် ပြသတဲ့ အနေနဲ့ လူမြင်ကွင်းရှေ့မှာ ထိုးနှံမှု ခံယူခဲ့ပါတယ်။ ဒုတိယ ဆေးကိုလည်း မီဒီယာတွေ ရှေ့မှောက်မှာ အထိုးခံမယ်လို့ ဘိုင်ဒန်ရဲ့ ကိုယ်ရေး အရာရှိတွေက ပြောပါတယ်။ အမေရိကန်မှာ Pfizerရဲ့ ဆေးအပြင်Moderna ကုမ္ပဏီ တီထွင်ထားတဲ့ ကာကွယ်ဆေး တစ်မျိုးကိုလည်း အသုံးပြုခွင့် ပေးထားပါတယ်။ လက်ရှိ အချိန်ထိ အမေရိကန်မှာ ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ အရေအတွက် ၆.၇ သန်းလောက် ရှိနေပါတယ်။ ဒါဟာ ၂၀၂၀ နှစ်ကုန်မှာ လူပေါင်း သန်း ၂၀ လောက်ကို ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်စေဖို့ ရည်မှန်းချက်နဲ့ ယှဉ်ရင် အတော်လေး နောက်ကျနေတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါ ကူးစက်မှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ လက်ရှိ အချိန်ထိ အမေရိကန်မှာ လူပေါင်း ၂၃ သန်းနီးပါး ရောဂါကူးစက် ခံခဲ့ရပြီး သေဆုံးသူက ၃ သိန်း ၈ သောင်းကျော်ထိ များပြားခဲ့ပါတယ်။ လွှတ်တော်ကို ဝင်စီးနင်းသူတွေကို နာဇီတွေနဲ့ ခိုင်းနှိုင်း စွပ်စွဲလိုက်တဲ့ အာနိုးလ် အမေရိကန် လွှတ်တော်ကို မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက် စီးနင်းခဲ့သူတွေဟာ နာဇီ အဖျက်သမားတွေနဲ့ တူတယ်လို့ ဟောလိဝုဒ် မင်းသားကြီး အာနိုးလ် ရှဝါဇန်နက်ဂျာက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ အာနိုးလ်က ဇန်နဝါရီ ၆ ရက်က လွှတ်တော် စီးနင်းခံရမှုနဲ့ ပတ်သက်လို့ ခါးသီးတဲ့ အမြင် သဘောထားမျိုးနဲ့ တင်းတင်းမာမာ မှတ်ချက် ပေးသွားခဲ့ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာ ရှိနေတဲ့ လွှတ်တော်ထဲမှာ သမ္မတသစ် တင်မြှောက်ရေးကိစ္စ အစည်းအဝေး ကျင်းပနေချိန်မှာ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံသူတွေက စည်းမဲ့ကမ်းမဲ့ ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး လူ ၅ ဦး သေဆုံးခဲ့သလို ထိခိုက် ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ အာနိုးလ်က ဒီလို ဆိုးဆိုးရွားရွား လုပ်ရပ်မျိုး ကျူးလွန်ခဲ့သူတွေဟာ နာဇီတွေနဲ့ တူနေပြီး ထရမ့်ကလည်း သမိုင်းမှာ အဆိုးရွားဆုံး ပုံစံမျိုးနဲ့ ရာထူးစွန့်လွှတ်ရမယ့် အမေရိကန် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။ ကိုယ်တိုင်က ထရမ့်လိုပဲ ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်တဲ့ အာနိုးလ်က ဇန်နဝါရီ ၆ ရက်ဟာ အမေရိကန်အတွက် ပြတင်းပေါက်မှန်တွေ ကွဲအက်ကုန်တဲ့ ညမျိုးလို့ တင်စားခဲ့ပါတယ်။ ဒါဟာ ၁၉၃၈ ခုနှစ်တုန်းက နာဇီ ပါတီဝင်တွေဟာ ဩစတြီးယားနဲ့ ဂျာမနီက ဂျူးနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို ဝင်ရောက် စီးနင်း ဖျက်ဆီးတဲ့ သမိုင်းဝင် ဖြစ်ရပ်ကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မှန်ကွဲစတွေက အမေရိကန်ရဲ့ လွှတ်တော်ထဲမှာ ပြန့်ကြဲနေခဲ့တာဖြစ်ကြောင်း၊ ကျူးကျော် ရမ်းကားသူတွေဟာ အမေရိကန်ရဲ့ အခြေခံ အကျဆုံး အတွေးအခေါ်တွေကိုပါ ဖျက်လိုဖျက်ဆီး ပြုမူခဲ့ကြတာဖြစ်ကြောင်း အာနိုးလ်က ပြောကြားသွားပါတယ်။ Credit: 7Day TV