
တရုတ် ဘဏ္ဍာရေးကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ဒေါ်လာ သန်း ၂၆၀လာဘ်စားမှုဖြင့် ကွပ်မျက်ခံရ ================================= တရုတ်အစိုးရပိုင် ဘဏ္ဍာရေးကုမ္ပဏီကြီးတစ်ခုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ဆယ်နှစ်တာ ကာလအတွင်းတွင် ဒေါ်လာ သန်း ၂၆၀ လာဘ်စားခဲ့သည့်လိုင်ရှောင်မင်အား ဇန်နဝါရီလ ၂၉ ရက်က ကွပ်မျက်လိုက်ကြောင်း CNA သတင်းအရ သိရသည်။ တရုတ်မြောက်ပိုင်း၊ တီယန်ကျင်းမြို့ရှိတရားရုံးက ၎င်းကို သေမိန့်ချခဲ့ခြင်းဖြစ်သည်။ လိုင်ရှောင်မင်လာဘ်ယူခဲ့သည့်ငွေပမာဏသည် အလွန်တရာမှ များပြားလှပြီး ပြစ်မှုသည် အလွန်မှပြင်းထန်လှကာ ယင်းလုပ်ရပ်၏ လူမှုအသိုင်းအဝိုင်းအပေါ်သက်ရောက်မှုသည်လည်း အလွန်တရာမှ ဆိုးဝါးလှကြောင်း စီစီတီဗီသတင်းဌာနက တရုတ်ပြည်သူ့တရားရုံးချုပ်ကိုကိုးကားကာ သတင်းတင်ဆက်သွားသည်။ တရားရုံးချုပ်က သေမိန့်ကို သုံးသပ်ပြီးအတည်ပြုလိုက်ခြင်းဖြစ်သည်။ လိုင်ရှောင်မင်ကို မည်သို့မည်ပုံ ကွပ်မျက်ခဲ့သည်ဆိုသည်ကို အတိအကျမသိရပေ။ သို့သော် မသေမီတွင် ၎င်းကို မိသားစုဝင်များနှင့်ပေးတွေ့ခဲ့သည်ဟု သိရသည်။ တရုတ်တွင် နှစ်စဉ် လူပေါင်းမည်ရွေ့မည်မျှ ကွပ်မျက်ခံရသည်ကို အစိုးရက ထုတ်ပြန်လေ့မရှိပေ။ သို့သော် တရုတ်သည် ကမ္ဘာပေါ်တွင် ကွပ်မျက်မှုအများဆုံး လုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်ပြီး နှစ်စဉ် လူပေါင်းထောင်ပေါင်းများစွာကို ကွပ်မျက်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ ( CNA, 30.1.21) ချယ်ရီ Crd