NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ထိန်းသိမ်းခံရတာ တစ်ပတ်ပြည့်ချိန်အထိ အဆက်အသွယ်မရသေးလို့ မိသားစုတွေစိတ်ပူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့တစ်ပတ်ပြည့်တဲ့အချိန်အထိ အဆက်သွယ်မရတဲ့အတွက် မိသားစုတွေက စိတ်ပူနေကြကြောင်း ထိန်းသိမ်းခံရသူတွေထဲကတစ်ဦးဖြစ်တဲ့ဒေါက်တာမျိုးညွန့်ရဲ့ ဇနီး ဒေါ်ခင်အုန်းမြင့်က ဘီဘီစီကိုပြောပါတယ်။ ဒေါက်တာမျိုးညွန့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း ဘာမှ အဆက်သွယ် မရတော့ကြောင်းနဲ့ စိတ်ပူကြောင်း၊ ဖမ်းဆီးမခံရမီ ပြီးခဲ့တဲ့ စနေနေ့ (ဇန်နဝါရီ ၃၀ ) ရက်တုန်းက ဒေါက်တာမျိုးညွန့်ဟာ ဂရင်းဟံသာဆေးရုံမှာ သွားရောက်ပြသထားပြီး သူ့ရဲ့အရိုးပွရောဂါက အနီရောင်အဆင့် ကျော်နေတယ်လို့ ဆေးစစ်ချက်ရရှိလာကြောင်းလည်း ဇနီးဖြစ်သူက ပြောပါတယ်။ "လွှတ်မပေးရင်နေပါစေ။ တွေ့ခွင့်ရရင်တော်ပါပြီ"လို့ ဒေါ်ခင်အုန်းမြင့်ကပြောပါတယ်။ ဒါကြောင့် ဒေါက်တာမျိုးညွန့် ရဲ့ ကျန်းမာရေးအခြေအနေကို စိတ်ပူကြောင်း၊ ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း ထပ်ပို့ပေးစေချင်ကြောင်း ဇနီးဖြစ်သူက မေတ္တာရပ်ခံကြောင်း ပြောကြားပါတယ်။ မကြာခင် ဒေါက်တာမျိုးညွန့်ဇနီးနဲ့ ဆက်သွယ်မေးမြန်းချက်ကိုလည်း တင်ဆက်ပေးပါမယ်။ ဘီဘီစီမြန်မာပိုင်း Credit:
