
CDM ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအချို့ ရပ်ဆိုင်း ======================= မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန်(မူဆယ်) မှကုန်သွယ်မှုဆိုင်ရာ လုပ်ကိုင်ပေးကြသည့် သွင်းကုန် (Import) Agent များက CDM ပြုလုပ်နေခြင်းကြောင့် လုပ်ငန်းများ အချို့ ရပ်ဆိုင်းထားရကြောင်း မူဆယ်(၁၀၅)မိုင် ကုန်စည်ဒိုင်မှ သိရသည်။ ထိုသို့လုပ်ငန်းများရပ်ဆိုင်းထားရသောကြောင့် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေကြောင်းသိရသည်။ “ဆန္ဒပြနေကြတဲ့အထဲမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ အဓိကကျတဲ့ Agent တွေလည်းပါလို့ ကုန်သွယ်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေတယ်၊ အဓိကတော့ Import ဘက်က Agent တွေ ဆန္ဒပြကြလို့ လုပ်ငန်း မလုပ်နိုင်တာပေါ့၊ လက်ရှိအခြေအနေကတော့ ကုန်သွယ်ရေးဇုန်၀င်ဖို့ သွင်းကုန်ယာဉ်အစီးရေ ၁၀၀ ကျော်လောက် ပိတ်မိနေတယ်"ဟု မူဆယ်(၁၀၅)မိုင်ကုန်စည်ဒိုင်တာ၀န်ခံ ဒေါ်ရီရိခိုင်ကပြောသည်။ ကုန်တင်ယာဉ်များ ပိတ်မိနေသော်လည်း Export (ထုတ်ကုန်)ဘက်မှ လူတချို့မပါဝင်ဘဲ သီးနှံများမှာ တရုတ်သို့ ဝင်ရောက်နေဆဲဟု သိရသည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေး Export/Import လုပ်ငန်းတွင် မြန်မာပို့ကုန်များဖြစ်သည့် သီးနှံများနှင့် ပုတ်သိုးကုန်များမှာ ပုံမှန်အတိုင်း ကုန်သွယ်မှုလုပ်ဆောင်နေကြောင်း သိရသည်။ "Export (ထုတ်ကုန်)ဘက်က လူတချို့မပါပေမယ့်လည်း သီးနှံတွေကတော့ တရုတ်ဘက်သွားနေတယ်”ဟု ဒေါ်ရီရီခိုင်က ဆက်လက်ပြောသည်။ မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ အဓိက သွင်းကုန်/ထုတ်ကုန်အများစုဖြင့် ကုန်သွယ်မှုလုပ်ဆောင်နေပြီး လက်ရှိနိုင်ငံတွင်းဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်တံ့သလောက်ရှိနေသော်လည်း မြန်မာ့ပို့ကုန်များမှ ပုတ်သိုးကုန်များဖြစ်သည့် ဖရဲ၊ သခွား၊ သရက်၊ ငါး၊ ဂဏန်း၊ ငါးရှဉ့် စသည့် Export လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဟုသိရသည်။ “ဖရဲသခွားတွေကတော့ ပုတ်ကုန်မို့လို့ သူတို့ကတော့ တရုတ်ဘက်ကို သွားနေသေးတယ်၊ အရေးခင်းကာလဆိုတော့ သစ်သီးကားတွေ အ၀င်နည်းပါတယ်၊ အဝင်နည်းတာနဲ့အတူ တရုတ်ဘက်က အဝယ်ရှိနေတော့ စျေးကောင်းရတဲ့အနေအထားတော့ ရှိနေတယ်"ဟု မူဆယ်(၁၀၅မိုင်)မှ မိန်းမိန်းသစ်သီးပွဲရုံမှ ဦးထွန်းကပြောသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ယခုအချိန်သည် ကုန်ကားများ အဝင်များသည့်ကာလဖြစ်သော်လည်း ယခုအခါ ကုန်တင်ယာဉ် အစီးရေ ၁၀၀ ခန့်သာ ရှိကြောင်း၊ နှစ်စဉ် ပုံမှန် ကုန်အဝင်များချိန်မျိုးတွင် စျေးနှုန်းများ ထိုးကျလေ့ရှိကာ ယခုအခါ စျေးကောင်းရရှိနေကြောင်းသိရသည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်သို့ တရုတ်ကုန်ပစ္စည်းများဖြစ်သည့် သံထည်နှင့် ဆောက် လုပ်ရေးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊အ၀တ်အထည်နှင့် စားသောက်ကုန်များ ဝင်ရောက်ပြီး မြန်မာဘက်မှ သစ်သီး၀လံများ၊ သီးနံများနှင့် စားသောက်ကုန်များအပါအ၀င် အမှာရှိသော အခြားပစ္စည်များကို တင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ကြောင်းသိရသည်။ နိုင်ထူး Credit: