No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

NLD နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံပွဲ ပျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာတွေ့ဆုံဖို့စီစဉ်ထားပေမယ့် တွေ့မယ့်နေရာညှိနှိုင်းလို့မရတာကြောင့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရသူ ခူသဲရယ်က ဘီဘီစီကိုပြောပါတယ်။ NLD ရဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့ ဟာ ဇန်နဝါရီ ၁၁ ရက်မှာ ကယားပြည်နယ်လွိုင်ကော်မြို့ကိုရောက်ရှိခဲ့ပြီး ပြည်နယ် NLD ပါတီရုံးမှာ KySDP ပါတီနဲ့ ဒီကနေ့ နေ့ခင်းပိုင်းတွေ့ကြဖို့ စီစဉ်ထားတယ်လို့ NLDဘက်ကပြောပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ဘက်ကတော့ တတိယနေရာတစ်ခုမှာတွေ့ဆုံဖို့ တောင်းဆိုခဲ့ပြီး ဒီတောင်းဆိုချက်ကြောင့် တွေ့ဆုံပွဲမဖြစ်နိုင်တော့ဘူးလို့ NLD ဘက်ကပြောကြောင်း ခူသဲရယ်က ဘီဘီစီကိုပြောပါတယ်။ "ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ ဒေါက်တာအောင်မိုးညိုနဲ့ ချိတ်ဆက်တယ်။ ခင်ဗျားတို့ပါတီနဲ့တွေ့ဖို့ရှိတယ်ပေါ့နော်။ ဒါနဲ့ ကျွန်တော်တို့က ဘယ်နေ့ဘယ်ရက်တွေ့မယ်ဆိုတာ ကြိုတင်ပြီး စာနဲဖြစ်ဖြစ် တရားဝင်အကြောင်းကြားပါလို့ပြောခဲ့တယ်။ ဒါပေမဲ့သူတို့ရောက်လာတဲ့အထိ တိုက်ရိုက်ဆက်သွယ်တာမလုပ်ဘဲ ပြည်နယ် NLD ပါတီက ဆက်သွယ်လာတယ်။ သူတို့ပါတီရုံးမှာတွေ့မယ်ပေါ့နော်။ ဒီနေ့မနက်လည်း ဒေါက်တာအောင်မိုးညိုနဲ့ အဆက်သွယ်ရတော့ ပါတီဗဟိုရဲ့ဆုံးဖြတ်ချက်အရ သူတို့ပါတီရုံးမှာပဲတွေ့မယ်ပြောတယ်။ ကျွန်တော်တို့ကလည်း တတိယနေရာမှာ တွေ့ဖို့တောင်းဆိုတော့ သူတို့က တခြားနေရာမှာတွေ့ဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့ ပျက်သွားတာပေါ့" လို့ ခူသဲရယ်ကပြောပါတယ်။ KySDPအနေနဲ့ NLD ပါတီရုံးမှာသွားရောက်မတွေ့ဆုံနိုင်တာဟာ နိုင်ငံရေးဂုဏ်သိက္ခာအရဖြစ်ပြီး NLDပါတီအနေနဲ ရွေးကောက်ပွဲမတိုင်ခင်တည်းက ဘယ်တိုင်းရင်းသားပါတီနဲ့မှ မပူးပေါင်းဘူးလို့ပြောကြားထားတာကြောင့် ပါတီရုံးကို သွားရောက်တွေ့ဆုံဖို့ အခက်အခဲရှိတယ်လို့ ခူသဲရယ်ကပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်လွှတ်တော်မှာ ၃ဦး၊ ပြည်ထောင်စုအဆင့်မှာ ၅ ဦး စုစုပေါင်း ၈ ဦးအနိုင်ရရှိထားပါတယ်။ NLD ပါတီကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်က မွန်ပြည်နယ်ကိုသွားရောက်ပြီး မွန်ညီညွတ်ရေးပါတီနဲ့တွေ့ဆုံဖို့ကြိုးစားရာမှာလည်း နေရာကိစ္စ ညှိနှိုင်းမရလို့ တွေ့ဆုံပွဲပျက်ထားပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit: