
မြန်မာရဲကိုင်တဲ့ ဒရုန်းဖျက်သေနတ် စင်္ကာပူ ကုမ္ပဏီဆီကရ မြန်မာရဲတပ်ဖွဲ့ အသုံးပြုတဲ့ လက်နက်တွေထဲ ဒရုန်းတွေကို ပစ်ချတဲ့ သေနတ်လည်း ပါ၀င်တာ တွေ့ရပါတယ်။ မြန်မာရဲတွေကိုင်တဲ့ ဒရုန်းဖျက်သေနတ်ဟာ စင်္ကာပူ အခြေစိုက် TRD ကုမ္ပဏီ ထုတ် ဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ပြောပါတယ်။ TRD ဟာ ၂၀၁၁ ကတည်းက စင်္ကာပူမှာ မှတ်ပုံတင်ထားတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးသုံး နည်းပညာမြင့် လက်နက်တွေ ထုတ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ TRD အနေနဲ့ ဒရုန်းဖျက်လက်နက်တွေ ထုတ်လုပ်ရေးကို အဓိကထားလုပ်နေတာ ၅ နှစ် ကျော်နေပြီလို့ သူတို့ ကုမ္ပဏီ ၀က်ဘ်ဆိုက်မှာ ရေးထားပါတယ်။ သူတို့ရဲ့ အဓိက ဖောက်သည်တွေဟာ ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံတွေက ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ TRD ရဲ့ ကုမ္ပဏီရုံးခန်း မြန်မာပြည်မှာလည်း ရှိတယ်ဆိုပြီး Justice for Myanmar အဖွဲ့က ပြောပါတယ်။ ဘယ် နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ အဆက်အဆံ လုပ်နေပြီး၊ မြန်မာစစ်တပ်ကို အကျိုးရှိနေစေလဲ ဆိုတာကို Justice for Myanmar အဖွဲ့က ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုကြီးကို မှတ်တမ်းတင်ထားတဲ့ ပုံတွေမှာ ဒရုန်းကို အသုံးပြုပြီး ရိုက်ထားတဲ့ ပုံတွေလည်း တွေ့နေရပါတယ်။ ဒီတော့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေကို ဒရုန်းဖျက် လက်နက် တပ်ဆင်ပေးတဲ့ လုပ်ရပ်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ CDM လှုပ်ရှားမှုတွေကို ဖြိုခွဲရေး ဖြစ်သွားစေတာပဲလို့ ၀ေဖန်သူတွေက ပြောကြတာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ- Justice for Myanmar JFM Credit: