No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မမြသွဲ့သွဲ့ခိုင် ကွယ်လွန် နေပြည်တော်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဦးခေါင်းကို သေနတ်ဒဏ်ရာထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မနက် ၁၁ နာရီမှာ ကွယ်လွန်သွားပြီလို့ နေပြည်တော်ခုတင်တစ်ထောင် ဆေးရုံက ဆရာဝန်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့မမြသွဲ့သွဲ့ခိုင်ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးဖို့ စီစဉ်နေပါတယ်။ ထပ်မံရရှိတဲ့သတင်းကို ဆက်လက်တင်ဆက်ပေးပါမယ်။ မွန်းလွဲ ၁၂ ကျော်မှာ သိရှိရတဲ့ ထပ်မံဖြည့်စွက်ချက် မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းကို ယခုအခါ ရေခဲတိုက်ကို သယ်ဆောင်သွားပြီဖြစ်ပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ ဈာပန အခမ်းအနားအတွက် ဈာပနကျင်းပရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်တာတွေ့ရပြီး ဈာပနကော်မတီကိုဆက်သွယ်ဖို့ ဖုန်းနံပါတ် ၇ လုံးကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်မှာ နေပြည်တော်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ရှိနေစဉ် ရဲတပ်ဖွဲ့ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန်ထိမှန်တာကြောင့် ရုတ်ချည်း ပစ်လဲကျသွားတဲ့ ဗီဒီယိုဖိုင်က လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင်ရဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မမြသွဲ့သွဲ့ခိုင်ရရှိခဲ့တဲ့ ဒဏ်ရာဟာ သေနတ်ဒဏ်ရာဖြစ်ကြောင်းနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်မယ်လို့တော့ပြောကြားထားပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပထမဆုံး ကျဆုံးတဲ့သူတစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ သူဟာ ဆယ်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဖခင်မရှိတော့ဘဲ မိခင်နဲ့ မွေးချင်းမောင်နှမ လေးဦးရှိကြောင်း အစ်မဖြစ်သူက မီဒီယာတွေကို ဖြေကြာထားပါတယ်။ ဈာပနလုပ်မယ့်အစီအစဉ်ကို တိုင်ပင်နေပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်မယ်လို့ ဈာပနကျင်းပရေးကော်မတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ Credit: