"လက်ပန်းတောင်းဒေသခံများ ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော်" မုံရွာလူထုသပိတ်စစ်ကြောင်းသို့ လာရောက်ပူးပေါင်းသည့် လက်ပန်းတောင်းတောင်ဒေသမှ ရာနှင့်ချီသောတောင်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ မုံရွာမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲတွင် သွားရောက်ပူးပေါင်းမည့်တောင်သူများအားချင်းတွင်းမြစ်ဖြတ်ကူးနိုင်ခြင်းမရှိစေရန် ယနေ့နံနက်ပိုင်းက လုံခြုံရေး ဘက်က ဆိပ်ကမ်းများတွင်တားမြစ်ထားပြီးကူးတို့စက်လှေများရပ်နားထားသည်။ ဆန္ဒပြပွဲတွင်ပါဝင်သော လက်ပန်းတောင်းဒေသခံတစ်ဦးက' မုံရွာက ဆန္ဒပြသူတွေကို ဝန်းရံဖို့လာကြတာ ကမ်းနားလမ်းတလျှောက်မှာ ရဲတွေ၊စစ်သားတွေနဲ့ တားထားတယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။'ဟု ပြောသည်။ ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလည်း လာပူပေါင်းသည့်စက်လှေများကမ်းမကပ်နိုင်အောင် ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် ခြောက်လှန့်မှုများရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၇ရက်က မုံရွာမြို့တွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကို မကျေနပ်၍ ချင်းတွင်းမြစ်တစ်ဖက်ကမ်းကျေးရွာများမှတောင်သူများအနေဖြင့် မုံရွာမြို့ရှိ ဆန္ဒပြလူထုနှင့် လာရောက်ပူးပေါင်းမှု ပိုမိုများပြားလာကြောင်း ၄င်းကပြောသည်။ တားမြစ် မှုများရှိသော်လည်း ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ဒေသခံပြည်သူများမှာ ချင်းတွင်းမြစ်အားဖြစ်သည့်နည်းနှင့်ကူးဖြတ်ပြီး မုံရွာသဲသောင်ပြင် အစပ်တွင် ဆန္ဒထုတ်ဖော်မှုများကို ယနေ့(မတ်လ ၁ရက်)တွင်လူအင်အား၃၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ချင်းတွင်းမြစ်အတွင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသောတောင်သူများသည် စစ်အာဏာရှင် ကျဆုံးပါစေ၊ဖမ်းဆီးခံ နိုင်ငံရေးသမားများအား ချက်ချင်းလွှတ်၊ရုံးမတက်နဲ့ ရုန်းထွက်၊ဒီမိုကရေစီရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး စသည်တို့ကို ကြွေးကြော်တောင်းဆိုခဲ့သည်။ ဓါတ်ပုံ - HZA / ဓါတ်ပုံ- ကေတီ Credit:
