
စစ်အစိုးရကို တကမ္ဘာလုံးက လက်နက်မရောင်းချရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း ~~~~ ■ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကမ္ဘာကြီးက အရေးယူရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Andrews က ပြောလိုက်ပါတယ်။ အာဏာသိမ်းစစ်အစိုးရက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာချိန်မှာ နိုင်ငံတကာကလည်း ဒီအပေါ်တုံ့ပြန်မှုတွေကို အရှိန်မြှင့်ဖို့ အရေးကြီးတယ်လို့ ယုံကြည်ကြောင်း Thomas Andrews က မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားတာပါ။ စကားလုံးတွေနဲ့ မလုံလောက်တော့ဘဲ၊ လက်တွေ့လုပ်ဆောင်မှရမယ်။ ဒီနေ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီတို့ လုပ်ဆောင်နိုင်တဲ့ ရွေးချယ်စရာ ၅ ခုရှိတယ်လို့လည်း သူရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၁။ မြန်မာစစ်တပ်ကို တကမ္ဘာလုံးက လက်နက်မရောင်းချဖို့၊ ၂။ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတဲ့သူတွေ၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုမှာ တာဝန်ရှိသူတွေ၊ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထား ပူးပေါင်းဒဏ်ခတ်အရေးယူဖို့ ၃။ စစ်အစိုးရနဲ့ သူ့အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အကျိုးစီးပွားတွေကို ဒဏ်ခတ်အရေးယူဖို့ ၄။ ဒဏ်ခတ်အရေးယူမှုတွေလုပ်ထားတဲ့ နိုင်ငံတွေကလည်း နောက်ထပ် အရေးယူဖို့တွေကို ချက်ချင်း စဉ်းစားသင့်တယ်။ ဒဏ်ခတ်မှုတွေ မလုပ်ရသေးတဲ့ နိုင်ငံတွေကလည်း အရေးယူဖို့ကို စဉ်းစားသင့်တယ်။ မြန်မာစစ်အစိုးရအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တဲ့ ဒီဒဏ်ခတ်မှုတွေကို အားလုံးက ပူးပေါင်း လုပ်ဆောင်ဖို့ ၅။ မြန်မာနိုင်ငံအခြေအနေကို အရေးပေါ်ဆွေးနွေးဖို့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့နဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ရဲ့ အပိုဒ် ၇ ကို အသုံးပြုဖို့ စဉ်းစားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ အပိုဒ် ၇ အရ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေထဲမှာ တကမ္ဘာလုံးက လက်နက်မရောင်းချဖို့၊ စစ်အာဏာရှင် အပေါ် ပြင်းပြင်းထန်ထန် အရေးယူ ဖို့နဲ့ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ရေး ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့တွေ ပါဝင်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကလည်း လက်နက်မဲ့အရပ်သားပြည်သူတွေအပေါ် လူမဆန်စွာကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တရားမဝင် အာဏာသိမ်းစစ်အစိုးရကို တကမ္ဘာလုံးက လက်နက်မရောင်းချရေး နိုင်ငံတကာက ဒဏ်ခတ်ဖို့ တိုက်တွန်းထားပါတယ်။ Credit: