
စစ်တပ်က ပိတ်ဆို့အရေးယူမှု၊ ဝိုင်းအပယ်ခံရမှုကို ခံယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြော ~~~ မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ် Christine Schraner Burgen က မတ် ၃ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းချိန်မှစ၍ သွေးထွက်သံယို အဖြစ်ဆုံးနေ့ဖြစ်ပြီး ၃၈ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း The Straits Times မှ ရေးသားထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပိုင်းတို့ကို ဖမ်းဆီးလိုက်တဲ့အချိန်ကစပြီး မြန်မာနိုင်ငံဟာ ပရမ်းပတာဖြစ်ခဲ့ရတာပါ။ NLD ဟာ နိုဝင်ဘာလရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာကို စစ်တပ်က မဲမသမာမှုရှိတယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဟာ တရားမျှတကြောင်း ဖြေရှင်းပြောကြားခဲ့ပါတယ်။ Schraner Burgener ဟာ စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်းနဲ့ စကားပြောဆိုရာမှာ စစ်အာဏာသိမ်းမှုအတွက် စစ်တပ်ကို အချို့နိုင်ငံများက ပြင်းပြင်းထန်ထန်အရေးယူတော့မယ့်အကြောင်း သတိပေးခဲ့ပါတယ်။ ဦးစိုးဝင်းက စစ်တပ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်ခဲ့ဖူးပြီး ရှင်သန်နိုင်ခဲ့ပါတယ်လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ နယူးယောက်ရှိသတင်းထောက်များကို ပြောပြပါတယ်။ နိုင်ငံတကာရဲ့ အပယ်ခံရနိုင်ကြောင်း ပြောတဲ့အခါ စစ်တပ်ဟာ နိုင်ငံအနည်းငယ်နဲ့ပဲ လက်တွဲရုံပေါ့လို့ ပြန်ဖြေခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများဟာ စစ်တပ်နဲ့ သူတို့ စီးပွါးရေးမဟာမိတ်တွေကို ဖိအားပေးဖို့ ပစ်မှတ်ထားပြီး ပိတ်ဆို့မှုများကို ချမှတ်ခဲ့ သို့မဟုတ် စဉ်းစားသုံးသပ်လျက် ရှိကြပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ခြင်းကို စိုးရိမ်ကြောင်း ပြောကြားခဲ့သော်လည်း ရုရှားနှင့် တရုတ်က မြန်မာ့ပြည်တွင်းရေးဖြစ်တယ်လို့ အတိုက်အခံ ပြောဆိုခဲ့တဲ့အတွက် လွန်ခဲ့သောလက အာဏာလွှဲပြောင်းယူမှုကို ပြစ်တင်ရှတ်ချမှု ရပ်တန့်သွားရပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ကြေညာချက် ထုတ်ပြန်တာကလွဲပြီး တစ်စုံတစ်ရာ အရေးယူတာမျိုး ဖြစ်လာဖွယ်မရှိဟု သံတမန်များက ပြောပါတယ်။ တရုတ်၊ ရုရှားတို့နှင့် ပတ်သက်ပြီး “ဒါဟာ ပြည်တွင်းရေးကိစ္စသာလျှင် မဟုတ်ဘဲ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကိုပါ ထိခိုက်စေတယ် ဆိုတာကို သူတို့ အသိအမှတ်ပြုမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု Schraner Burgener က ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်းဟာ တစ်နှစ်ပြီးလျှင် ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောတဲ့အပေါ် Schraner Burgener က "ကျွန်မအမြင်မှာတော့ NLD ခေါင်းဆောင်တွေကို စစ်ဆေးပြီး အကျဉ်းချဖို့ ကြံနေတာလို့ မြင်တယ်။ နောက်ဆုံးမှာ NLD ပါတီကို ဖျက်သိမ်းပြီးမှ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တယ်။ ဒါမှ သူတို့ရွေးကောက်ပွဲနိုင်ပြီး အာဏာထိန်းသိမ်းမှာဖြစ်တယ်။" သူမအနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများကို စစ်တပ်က အံ့အားသင့်နေမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ "အခုချိန်မှာ ဆိုရှယ်မီဒီယာသုံးပြီး လွတ်လပ်စွာ ကြီးပြင်းလာတဲ့ လူငယ်တွေ ရှိနေပြီ။ သူတို့ဟာ စိတ်ဓာတ်ခိုင်မာပြီး စည်းစနစ်ကျတယ်။ လူငယ်တွေဟာ စစ်အာဏာရှင် လက်အောက်မရောက်ချင်ဘူး။ နိုင်ငံတကာနဲ့ ကင်းပြီး မနေချင်ကြဘူး" လို့ ပြောခဲ့ပါတယ်။ #WeNews Credit: