No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆယ်လကြာ ကိုဗစ်ကပ်ကို စေတနာ့ဝန်ထမ်းတွေ ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်နေကြလဲ မြန်မာမှာ ကိုဗစ် စတွေ့ခဲ့တာ လာမယ့် မတ်လ ၂၃ ရက်မှာ တစ်နှစ်ပြည့်တော့မှာပါ။ အခုဆို ကိုဗစ်ကပ်ကိုကျော်ဖြတ်နေရတာ ဆယ်လကြာခဲ့ပါပြီ။ ဒီကိုဗစ်ကို ရှေ့တန်းကကြံ့ကြံ့ခံရင်ဆိုင်နေတဲ့အထဲမှာ ကျန်းမာရေးဝန်ထမ်းတွေအပြင် စေတနာ့ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ အရင်တည်းက ပရဟိတနဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ သာရေးနာရေးကူညီမှုအတွေ့အကြုံတွေရှိခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါဟာ အသစ်ဖြစ်တာကြောင့် စေတနာ့ဝန်ထမ်းတွေအတွက်လည်း အတွေ့အကြုံသစ်တွေရခဲ့ပါတယ်။ " ကိုဗစ်မှာက ကိုယ်တွေအတွက်သင်ခန်းစာအသစ်ဖြစ်တယ်။ အသက်အန္တရာယ်လည်းရှိတယ်။ PPEဝတ်တာက အစ အကုန်လုံးသင်ရတယ်။ စနစ်ကျအောင်လုပ်ရတယ်။ ပိုးတွေ့လူနာတွေ ပြီးတော့သူနဲ့ဆက်စပ် လူနာတွေကို သယ်ဆောင်ပေးရတာ ကအစ အားလုံးကိုအထူးသတိထားပြီးလုပ်ရတယ်။ ဒါက ကျွန်တော်တို့ရဲ့အတတ်ပညာပိုင်းပေါ့ ။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ကျတာ့ ကိုယ့်အိမ်ရယ်၊ ကိုယ့်အသင်းရယ်ကို ထားခဲ့လိုက်ပြီး ငါတို့ ကိုဗစ်အတွက်လုပ်ကြမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ပြီး တလျှောက်လုံး အရေးကြီးကိစ္စကလွဲပြီး မပြန်ကြဖို့စိတ်ဖြတ်ထားရတယ်။ ကိုယ့်အသင်းကလူတွေကိုလည်း ဒီအတိုင်းပဲ။ ရေရှည်လုပ်နိုင်မှ လုပ်ဖို့ စိတ်ဖြတ်ခိုင်းရတယ်။ စလုပ်ပြီဆိုတည်းက အိမ်ပြန်လို့မရဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ပတ်ဝန်းကျင်တွေကူးမှာကြောက်ရသေးတယ်။ အဲ့တော့ အိမ်မပြန်ပဲနေကြတာ အခုချိန်ထိပဲ " လို့ ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ လူမှုကူညီရေးတွေဆောင်ရွက်ပေးနေတဲ့ မေတ္တာသင်္ဂဟ လူမှုကူညီရေးအသင်းက ဦးမင်းဒင်ကပြောပါတယ်။ ကိုဗစ်ကာလတလျှောက် ပိုးတွေ့လူနာအများဆုံးကာလ ဒုတိယလှိုင်းဖြစ်တဲ့ ၉လပိုင်း၁၀လပိုင်းကာလတွေဟာ အခက်ခဲဆုံးလို့လည်း သူကဆက်ပြောပါတယ်။ "ဒုတိယလှိုင်းလို့ခေါ်ရမယ့် ၉လပိုင်း၁၀လပိုင်းကာလတွေတုန်းက ပိုးတွေ့လူနာအရမ်းများတယ်။ လူနာသယ်တာတွေ ပို့တာတွေအပြင် contact personတွေပါ သယ်ရတယ်။ ကွာရန်တင်းမှာထားရတော့ တနေ့တနေ့လူနာအများကြီးကို ဝန်ဆောင်မှုပေးရတော့ အခက်အခဲတွေအများကြီးရှိတယ်။ ကိုဗစ်စစ်ထားတဲ့အဖြေတွေကစလို့ အိမ်သာရေမလာတဲ့အထိ အကုန်ဖြေရှင်းရတယ်။ တချို့ကျတော့လည်း နားလည်တယ်။ တချို့ကြတော့လည်း စိုးရိမ်မှုတွေနဲ့။ တချို့ အရက်ကြောင်တဲ့သူတွေပါလာတယ်။ မသောက်ရမနေနိုင်တဲ့သူတွေ။ စိတ်မနှံတဲ့သူတွေပါလာတာမျိုးလည်းကြုံတွေ့ရဖူးတယ် "ဟုဆိုသည်။ ကိုဗစ်ကာလမှာ တက္ကသိုလ်ကျောင်းသားလူငယ်များကလည်း စေတနာ့ဝန်ထမ်းအဖြစ်လာရောက် လုပ်ကိုင်တာရှိပါတယ်။ "ကျောင်းပိတ်သွားတော့တခြားလူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းလုပ်ဖြစ်ပါတယ်။ ဒုတိယလှိုင်းရောက်ခါမှ ကိုဗစ်စင်တာ မှာ စေတနာ့ဝန်ထမ်းလုပ်ဖြစ်တယ်။ အခက်အခဲတွေကတော့ ရှိပါတယ်။ ကြာလာတာ့လည်းဖြေရှင်းတတ်လာတယ်။ကွာရန်တင်းစင်တာမှာက လူမျိုးစုံနဲ့တွေ့ရတော့ လူတွေအကြောင်းနည်းနည်းသိလာတယ်။ တခါတလေ ပြန်ချင်လောက်အောင်စိတ်ဖြစ်ခဲ့ဖူးတာတွေရှိတယ် ။ အဲ့အချိန်ကျရင်တော့ ဒီလမ်းကို ကိုယ်တိုင်ပဲရွေးချယ်ခဲ့တာ ။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဟာမျိုးနဲ့ သွားရတာပေါ့။ တချို့ဆို သားသမီးချင်းမစာနာတဲ့သူတွေရှိတယ်။ တချို့ကျတော့လည်း စင်တာကထွက်သွားရင် စေတနာ့ဝန်ထမ်းတွေအတွက် စားစရာပို့တာမျိုးတွေရှိတော့လည်းတကယ်ပီတိဖြစ်ရတယ်။ အားလုံးပြီးသွားရင်တော့ ကျောင်းပြန်တက်ရမှာပေါ့ " လို့ ကိုဗစ်စင်တာတစ်ခုမှာ လုပ်အားပေးနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုတိုးဝင်းထွန်းက ပြောပါတယ်။ ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ-Ye Myo Khant/MPA