No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဏာသိမ်းစစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရပ်တံ့ရေး နိုင်ငံခြားက ဝင်ရောက် စွက်ဖက်ဖို့ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံက စာတစောင်ကို လက်ခံ ရရှိထားတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ရဲ့ ပြောခွင့်ရသူ စတက်ဖှနီ ဒူဂျာရစ်က အတည်ပြု ပြောပါတယ်။ အကာအကွယ်ပေးရန် တာဝန်ရှိမှု R2P ကတိကဝတ်ကို တည်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာက အတွင်းရေးမှူးချုပ်ထံ အရင်အပတ်က စာတစောင် ပေးပို့ ခဲ့တာပါ။ “စာကို ရထားပါပြီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ကလည်း အဓိက ပတ်သက်သူတွေနဲ့ ဆက်သွယ်ဆဲ အစီအစဉ် အစိတ်အပိုင်း အနေနဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြီးပါပြီ” ဒူဂျာရစ်က မတ်လ ၈ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ အကာအကွယ်ပေးရန် တာဝန်ရှိမှု R2P (Responsibility to Protect) ဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးစု သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံကနေ ချမှတ်ခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒ ဖြစ်ပါတယ်။ R2P ဟာ နိုင်ငံတကာ ဥပဒေတခု မဟုတ်သလို နိုင်ငံတကာ စာချုပ်တခုလည်း မဟုတ်တဲ့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဥပဒေစည်း‌‌နှောင်မှုမျိုးလည်း မရှိပါဘဲ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ မဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ သဘောတူထားတဲ့ နိုင်ငံရေးမူတခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးမှုတွေ နိုင်ငံတဝန်းမှာ အကြီးအကျယ် လုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝန်းအနဲ့ R2P အရ လူထုကို အကာကွယ်ပေးဖို့နဲ့ နောက်ဆုံး နိုင်ငံခြား စစ်တပ် ဝင်ရောက်ဖို့ နည်းလမ်းကိုပါ လူထုက မျှော်လင့်နေပါတယ်။ http://burmese.dvb.no/archives/450587 Credit: