
မင်္ဂလာဒုံ ဘိုခြံ မြသီတာရပ်ကွက်တွင်ညကင်းစောင့်နေစဥ် စစ်တပ်မှ ပစ်ခတ်၍သေဆုံးသူနှစ်ဦး ဈာပနကျင်းပ ရန်ကုန် - ၂၀၂၁ မတ် ၁၄ (မော်ကွန်း) မတ် ၁၂ ရက် နံနက် ၁:၃၀ ခန့်က မင်္ဂလာဒုံဘိုခြံ မြသီတာရပ်ကွက်တွင်ကင်းစောင့်နေစဥ် စစ်တပ်မှပစ်ခတ်၍ သေဆုံးခဲ့ရသည့် ကိုကျော်ဇင်လတ် (၄၁)နှစ် နှင့် ကိုဇော်မင်းထွန်း (၄၂)နှစ်တို့ကို အသုဘ ယနေ့နံနက် ၉:၃၀ က ရေဝေးသုသာန်တွင်မီးသင်္ဂြိုဟ်ခဲ့သည်။ ကိုကျော်ဇင်လတ်၏ ရုပ်အလောင်းအား မင်္ဂလာဒုံစစ်ဆေးရုံမှထုတ်ယူစဥ် ချက်ခြင်းထုတ်မပေးဘဲ ယမန်နေ့ညနေတွင် အခမ်းအနားဖြင့်မဟုတ်ဘဲ ချက်ချင်းသင်္ဂြိုဟ်ရန်ဖိအားပေးခဲ့ကြောင်း အလောင်းထုတ်ယူပေးသည့် တစ်ရပ်ကွက်တည်းနေသူတစ်ဦးကပြောသည်။ ကိုကျော်ဇင်လတ်တွင် ဇနီးသည်နှင့် ကလေးနှစ်ယောက်ကျန်ရစ်ခဲ့ပြီး ကိုဇော်မင်းထွန်းတွင် ဇနီးနှင့် ကလေး သုံးဦးကျန်ရစ်သည်။ ကိုကျော်ဇင်လတ်မှာ သေနတ်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကာ ကိုဇော်မင်းထွန်းမှာ ဆီးခုံတွင် သေနတ်ဒဏ်ရာရရှိပြီးနောက် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် သေဆုံးခဲ့သည်။ အဆိုပါည ကင်းသမားများအား ပစ်ခတ်သည့်ညတွင် ဒဏ်ရာရသူငါးဦးရှိပြီး လက်ရှိ တိမ်းရှောင်နေရသည်ဟု ရပ်ကွက်နေသူများကပြောသည်။ ဓါတ်ပုံများ - မော်ကွန်း Credit: