
သံဖြူဇရပ်မှာ ညအချိန် ဆန္ဒပြသူတွေကို လိုက်ဖမ်းပေမယ့် ရှာမတွေ့ ~~~~~ ■ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ဆန္ဒပြသူတွေရဲ့ နေအိမ်တွေကို မတ် ၁၃ ရက်နေ့ ည ၉ နာရီက ရဲနဲ့ တပ်မှ လိုက်လံရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ "ဆန္ဒပြပွဲမှာ ထမင်းထုပ်တွေ လိုက်ဝေတဲ့ ကောင်မလေးအိမ်ကို သူတို့လာဝိုင်းတယ်၊ မတွေ့တော့ ကောင်မလေးဆိုင်ရှိတဲ့ အဝေးပြေးကွင်းမှာ ထပ်ဝိုင်းတယ်၊ ကောင်မလေးကိုတော့ မမိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သံဖြူဇရပ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က အင်အားသုံး ပစ်ခတ်ဖြိုခွင်းခံရပြီးနောက်မှာတော့ ချီတက်ဆန္ဒပြလှုပ်ရှားမှုတွေ ရပ်နားခဲ့ပေမယ့် ယခုအချိန်ထိ လိုက်လံဖမ်းဆီးမှုတွေ ရှိနေတာလို့ ဆိုပါတယ်။ "ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းပိုင်းရပ်ကွက်က ကောင်မလေး တစ်ယောက်အိမ်ကို ထပ်ဝိုင်းကြတယ်၊ အကုန်လုံး ရှောင်ထားကြတော့၊ ဒီနေ့တော့ ဘယ်သူမှမိတယ် မကြားသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ မတ် ၁၀ ရက်နေ့ နံနက်ပိုင်းက ဝယ်သွန်ချောင်ကျေးရွာနေ သားအမိ နှစ်ဦးကို ဆန္ဒပြပွဲမှာ ပါဝင်သည်ဟုဆိုကာ ရဲနဲ့ တပ်မှ ဖမ်းဆီးသွားခဲ့ပြီး သမီးဖြစ်သူကို ခံဝန်လက်မှတ်နှင့် ပြန်လွှတ်ပေးခဲ့ကာ မိခင်ဖြစ်သူကို ၅၀၅ (ခ) နဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးကို စစ်ဆေးမေးမြန်းစဉ် ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Credit: