
ရဲနှင့်စစ်သားများဖမ်းသွားပြီးနောက် အဆက်အသွယ်ပြတ်သွားသည့်အမျိုးသားတစ်ဦးကို မိသားစုက အပူတပြင်းရှာဖွေနေ ရန်ကုန် - ၂၀၂၁ မတ် ၁၆ (မော်ကွန်း) ညသန်းခေါင်တွင် ရဲနှင့်စစ်သားများက အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီးဟု ဆိုသော်လည်း ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှ အမျိုးသားတစ်ဦးသည် ယနေ့အထိ ပြန်မရောက်သေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။ " အခုရှေ့နေတွေနဲ့ချိတ်ပြီး ရှာနေတယ်။ စစ်ကြောရေးကို သွားမေးလို့ရှိရင် သူတို့က မသိဘူး၊ မရှိဘူးလို့ပဲ ပထုတ်လိုက်တယ်။ လမ်းမတော်ရဲစခန်းကိုမေးတော့ တရားစွဲခံရတဲ့အထဲမှာလည်းမပါဘူး။ သူတို့လည်း ရှာပေးမယ်။ အင်းစိန်(အကျဥ်းထောင်)မှာလည်းမရှိဘူး။ တွေ့ရင် ရဲစခန်းကိုပြန်ခေါ်ထားပေးမယ်တဲ့။ အခုက တစ်ယောက်တည်း ကွက်ပျောက်နေတာ။ ဘာလို့ပျောက်လဲ သူတို့(ရဲစခန်း)လဲ မသိဘူး " ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။ ပျောက်ဆုံးနေသူသည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ၃လမ်းတွင် နေထိုင်သူ အသက် ၄၀ အရွယ် ဦးသက်ပိုင်စိုးဖြစ်ပြီး မတ် ၈ ရက် ညတွင် ရဲနှင့်စစ်သားများ၏ အကြမ်းဖက်ဖမ်းဆီးခြင်းခံရသည့် အဆိုပါလမ်းတွင်းနေထိုင်သူ အမျိုးသား ၂၃ ဦးအနက်မှ တစ်ဦးဖြစ်သည်။ ထိုနောက် မတ် ၁၀ ရက်ညပိုင်းတွင် ဖမ်းဆီးသွားသူများထဲက ခုနှစ်ဦးကို လမ်းမတော် ရဲစခန်းက ၅၀၅ (က)ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ပြီး ကျန်သူများကို လွှတ်ပေးလိုက်သည်ဆိုသော်လည်း ၎င်းမှာ ယနေ့အထိ အိမ်ပြန်မရောက်သေးပေ။ Photo: Supplied ပုံစာ - ရဲနှင့်စစ်သားများ၏ဖမ်းဆီးခြင်းခံရပြီး ယနေ့အထိ ပျောက်ဆုံးနေသည့် ဦးသက်ပိုင်စိုး Credit: