No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြည်သူပိုင်လမ်းပိတ်ဆို့ပါက "မြေလှန်ပြီးသေနတ်နဲ့ပစ်"မည်ဟု မန္တလေးတွင်လည်း ခြိမ်းခြောက်နေ ယနေ့၊ မတ်၁၇ရက်တွင် မန္တလေးမြို့ပေါ်ရှိ လမ်းမကြီးများနှင့်လမ်းသွယ်များတွင် ဆန္ဒပြပြည်သူများက အကြမ်းဖက်ဖြိုခွင်းခံရပါက ဟန့်တားကာကွယ်ရန် သဲအိတ်နှင့် အကာအရံများဖြင့် တားဆီးထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ပြီး ထပ်မံပိတ်ဆို့ပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ "အများပြည်သူပိုင် လမ်းတွေပေါ်မှာ အတားအဆီးတွေ၊ ပိတ်ဆို့တာတွေ နောက်တစ်ခါ ပြုလုပ်ခဲ့ရင် တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးကို မြေလှန်ပြီး သေနတ်နဲ့ပစ်ပါမယ်။ အခုလို ဖယ်ရှားပေးတာဟာ နောက်ဆုံးအကြိမ်ဖြစ်ပါတယ်"ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက လော်စပီကာဖြင့် အော်ဟစ်သတိပေးခဲ့သည်။ ထို့ပြင် ဘူဒိုဇာကားတစ်စီးကလည်း ပိတ်ဆို့ထားသည့် သဲအိတ်များကို ဖယ်ရှားရှင်းလင်းနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂လမ်း၊ လမ်း၄၀နှင့် ၄၁လမ်းကြား ရပ်ကွက်နှင့် လမ်းထိပ်များတွင် သဲအိတ်များ၊ အကာအရံများပြုလုပ်နေသည့် လူငယ်၁၀ဦးခန့်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ "ပြည်သူတွေက ကိုယ့်အိမ်လုံခြုံရေးအတွက် လမ်းတွေမှာ အတားအဆီးတွေလုပ်ကြတာပါ၊ သူတို့ပြောတဲ့ အများပိုင်လမ်းတွေကို ပိတ်ဆိုတာဆိုရင် မန္တလေးမြို့မှာ ကျုံးဘေးလမ်းတွေ၊ ရဲတပ်ဖွဲ့ရုံးတွေရှိတဲ့နေရာတွေ မှာ လမ်းတွေပိတ်ထားတာကြ မြို့လူထုအတွက် မမျှတဘူး"ဟု ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ လျော့နည်းလာပြီး မြို့နေရာအနှံ့အပြားတွင် စစ်ကောင်စီ၏ လုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပိုမိုထူထပ်စွာ နေရာချထားသည်ကို မြင်တွေ့ရသည်။ သို့သော် နေ့စဉ်ထွက်နေကျသပိတ်ဖြစ်သော မြတောင်သပိတ်စစ်ကြောင်းသည် ယနေ့၊ မတ်၁၇ရက်တွင်လည်း နံနက်ပိုင်းတွင် ထိုင်သပိတ်ဆင်နွှဲပြီး နေ့လယ်ပိုင်းတွင်လည်း ဖြိုခွင်းခံရခြင်းမရှိဘဲ အောင်မြင်စွာ စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ ညပိုင်းတွင်မူ မန္တလေးမြို့အတွင်း နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ____________________________________ ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ #WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar17Coup #GenerationZ #နွေဦးတော်လှန်ရေး Credit: