
ရဲနဲ့စစ်သားတွေပစ်ခတ်တာကြောင့် အောင်ပန်းမြို့တွင် အနည်းဆုံး ၁၀ ဦးကျဆုံးကာ အများအပြားဒဏ်ရာရ ရန်ကုန်- ၂၀၂၁ မတ် ၁၉ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က ဒီမိုကရေစီရရှိရေး ဆန္ဒထုတ်ဖော်ကြတဲ့ လူထုကို ရဲနဲ့စစ်သားတွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် ညနေ ၄ နာရီဝန်းကျင်အထိ အနည်းဆုံး ၁၀ ဦး ကျဆုံးထားကာ ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့ မြို့ခံတစ်ချို့က ပြောပါတယ်။ " အခုထိ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ၁၀ ဦး ကျသွားပြီလို့ မြို့လယ်ကောင်က မိတ်ဆွေ လှမ်းပြောတယ်။ သေချာတယ် " လို့ အောင်ပန်းမြို့ခံတစ်ဦးက ယနေ့ ညနေ ၄ နာရီဝန်းကျင်မှာ ပြောပါတယ်။ အောင်ပန်းမြို့တွင်းက မင်္ဂလာရပ်ကွက်နဲ့ မြို့ဟောင်းရပ်ကွက်မှာရှိတဲ့ ဆန္ဒထုတ်ဖော်သူတွေရဲ့ အတားအဆီးတွေကို ပစ်ခတ်ဖြိုခွင်းရာမှာ အခုလို ကျဆုံးမှုတွေဖြစ်ပေါ်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ဒီမိုကရေစီရရှိရေး တောင်းဆိုဆန္ဒထုတ်ဖော်သူတွေကို ရဲနဲ့ စစ်သားတွေက အကြမ်းဖက်ပစ်ခတ်နေတာကြောင့် နိုင်ငံတစ်ဝန်း ကျဆုံးသူအရေအတွက်ဟာ တစ်ရက်ကို ငါးဦးကျော်နှုန်းအထိ ရှိနေပါတယ်။ စစ်တပ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ကနေ မတ်လ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်းကျဆုံးသူ အရေအတွက်ဟာ ၂၃၆ ယောက်အထိရှိခဲ့ပြီး ထက်ဝက်ကျော် အရေအတွက်က ရန်ကုန်မြို့မှာ ကျဆုံးထားတာပါ။ ဓါတ်ပုံ- CJ ပုံစာ- အောင်ပန်းမြို့တွင်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆန္ဒထုတ်ဖော်သူများက ကယ်ထုတ်နေစဉ်။ Credit: