No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကောင်စီလက်ထဲ ဖမ်းခံထားရသူတွေ လိင်ပိုင်းစော်ကားခံရတဲ့ သတင်းတွေကြားသိနေရတယ်လို့ ကုလအရာရှိပြော စစ်ကောင်စီလက်ထဲ ဖမ်းခံထားရသူတွေ အပေါ် လိင်ပိုင်း အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ လူသားချင်း စာနာနားလည်တဲ့ အကူအညီပေးရေး အစီအစဥ်တွေကို ကြီးကြပ်ရတဲ့ မြန်မာပြည် ဌာနေကိုယ်စားလှယ် အင်ဒရူး ကာ့ခ်၀ုဒ်က ပြောပါတယ်။ မြန်မာအရေး ကုလသမဂ္ဂရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာ့ခ်၀ုဒ်က မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေအကြောင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ “ကိုယ်နဲ့ သိတဲ့သူထဲက အဖမ်းခံရတာမျိုး လူတိုင်း ကြုံနေ ကြရပါတယ်။ ရန်ကုန်အနှံ့ ဘယ်လိုတွေ အကြမ်းဖက် ခံနေရသလဲ ဆိုတာကို မျက်မြင်တွေ့ကြရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေဆီကနေ မနက်မိုးလင်းလာတိုင်း ကြားသိနေရပါတယ်။ ဆန္ဒပြလို့ အဖမ်းခံရသူပေါင်း အနည်းဆုံး ၂၄၀၀ ရှိနေပါပြီ။ အဖမ်းခံရရင်လည်း အပြင်နဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ ဖမ်းဆီးထားတဲ့သူတွေ အပေါ် လိင်ပိုင်း အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ပိုပြီး ကြားလာရပါတယ်။” လို့ မစ္စတာ ကာ့က်၀ုဒ် ပြောသွားပါတယ်။ ဒါ့အပြင် “ပြီးခဲ့တဲ့ သီတင်း ၇ ပတ် အတွင်းမှာ အသတ်ခံရတဲ့ သူ အနည်းဆုံး ၂၁၁ ယောက်ရှိပြီး၊ အသက်မပြည့်သေးတဲ့ သူတွေ ၁၅ ယောက်ထက်မနည်းပါ၀င်ပါတယ်။ သိထားရသမျှ အသက်အငယ်ဆုံးက ၁၄ နှစ်ပါ။ ဒီနေရာမှာ အထူးအလေးပေးပြီး သိထားရမယ့် အချက်က သေဆုံးသူတွေထဲက တော်တော်များများဟာ လက်ဖြောင့်တပ်သားတွေရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရတာပါ။” ဆိုပြီးတော့လည်း မစ္စတာ ကာ့က်၀ုဒ်က ဆိုပါတယ်။ မြန်မာပြည်ထဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ်လည်း ပြိုလဲသွားပြီလို့ ပြောနိုင်တယ်လို့လည်း မစ္စတာ ကာ့က်၀ုဒ်က ကမ္ဘာကို အသိပေးပါတယ်။ “စစ်တပ်က ၀င်ပြီး တပ်စွဲထားတဲ့ ဆေးရုံ ၃၆ ရုံ ရှိတယ်လို ကြားသိထားရပြီး၊ တချို့ နေရာတွေမှာ လူနာတွေကို ဆေးရုံပေါ်က မောင်းချတာမျိုးတွေ ရှိတယ်” လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အင်ဒရူးကာ့ခ်၀ုဒ်က ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ-Getty ဒီသတင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက် ပေးနေပါတယ်။ https://www.bbc.com/burmese/live/burma-56331237 Credit: