No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နိုင်ငံတွင်းရှိ ပြည်သူအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့လုပ်ဆောင်ရာတွင် ငွေကုန်ကြေးကျများသော်လည်း အစိုးရအဖွဲ့အနေဖြင့် ပြည်သူတစ်ဦးချင်းစီကို COVID-19 ကာကွယ်ဆေးများ အခမဲ့ထောက်ပံ့ပေးနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ကာကွယ်ဆေးအတွက် တစ်ပြား၊ တစ်ချပ်မျှ ပေးရန် မလိုကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်မှ တာဝန်ရှိသူ ကျန်းကျုံးဝေက ပေကျင်းမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ တရုတ်သည် ၎၏ COVID-19 ကာကွယ်ဆေးကို ပြည်သူများအား ထိုးနှံပေးရန် ဒီဇင်ဘာလနှောင်းပိုင်းက ခွင့်ပြုချက်ပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ရှိသောသူများအား ကာကွယ်ဆေးအရေးပေါ် ထိုးနှံပေးမှုအစီအစဉ်အဖြစ် ကာကွယ်ဆေး သုံးမျိုးကို ဖြန့်ဝေထားပြီးဖြစ်သည်။ နွေဦးရာသီနှင့် ဆောင်းရာသီအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်း မရှိစေရန်အတွက် အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းတွင် လုပ်ကိုင်ကြသော ဝန်ထမ်းများကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိသူများအား ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဒီဇင်ဘာလလယ်တွင် တရုတ်အစိုးရအဖွဲ့က တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ “အဲဒီကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွေက ပြည်သူတစ်ဦးချင်းစီအတွက် အခမဲ့ထိုးနှံပေးတာဖြစ်ပါတယ်။ ဒေသဆိုင်ရာအစိုးရအဖွဲ့အချို့က ကာကွယ်ဆေးထိုးနှံတဲ့ လူတစ်ဦးချင်းစီကနေ ကျသင့်ငွေတွေ ကောက်ခံနေတာကို ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။ အဲဒီလိုလုပ်နေတာကို ချက်ချင်း ပြင်ဆင်ကြဖို့ ကျွန်တော်တို့ ညွှန်ကြားခဲ့ပါတယ်” ဟု အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျင့်ယီရှင်းက ဆိုသည်။ နိုင်ငံ၌ COVID-19 ကာကွယ်ဆေး အလုံးရေ ၉ သန်းကျော်ကို ပြည်သူများအား ထိုးနှံပေးပြီးဖြစ်ကာ ထိုအရေအတွက်ထဲမှ ကာကွယ်ဆေး ၇ သန်းကို ဒီဇင်ဘာလလယ်ကတည်းက ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ယီရှင်းက ထပ်လောင်းပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို တွေ့ကြုံရနိုင်ခြေရှိသူများအား ဦးစားပေး၍ ကာကွယ်ဆေးထိုးနှံသည့်အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေသော ဟီပေပြည်နယ်တွင် လူ ၁၄၀,၀၀၀ နီးပါးကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ ချွေကန်က ဆိုသည်။ ဟီပေပြည်နယ်၏မြို့တော် ရှီကျားကျွမ်သည် လတ်တလောတွင် ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် နယ်မြေဖြစ်နေပြီး ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဒေသတွင်းအာဏာပိုင်းများက မြို့အနှံ့ ပြေးဆွဲသော အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားသည်။ ဟီပေပြည်နယ်၌ ရောဂါပိုးကူးစက်ခံရနိုင်ခြေမြင့်သောသူများကို ကာကွယ်ဆေး အလျင်အမြန် ထိုးနှံပေးနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ချွေက ပြောကြားခဲ့သည်။ Credit to Eleven Media Group