No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှု ၁၁ ခုကို အီးယူ ဒဏ်ခတ်ဖို့ရှိ ~~~~~~ ■ စစ်အာဏာသိမ်းမှုနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၁၁ ခုကို အီးယူ- ဥရောပသမဂ္ဂက ဒီနေ့အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ရှိတယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ရိုက်တာ သတင်းမှာဖော်ပြပါတယ်။ ဒီထဲမှာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ MEHL မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ MEC မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ကို ပစ်မှတ်ထားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ တနင်္လာနေ့မှာ ကျင်းပမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကနေ စစ်အာဏာသိမ်းမှု နောက်ကွယ်က ခေါင်းဆောင်တွေကို အရေးယူဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်မှာပါ။ ဒီအစည်းအဝေးပြီးရင်တော့ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့သူတွေစာရင်း အသေးစိတ်ထွက်လာပါမယ်။ အာဏာသိမ်းမှုမှာ ပါဝင်နေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေကို အီးယူက အဓိက အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ရှိသလို မြန်မာနိုင်ငံကို ထောက်ပံ့နေတဲ့ ဘတ်ဂျက်အထောက်အပံ့တွေအားလုံးကို ရပ်ဆိုင်းသွားမယ့် အစီအစဉ်ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောထားပါတယ်။ ဒီအတောအတွင်းမှာပဲ ဘယ်ဂျီယံအခြေစိုက် ITUC နိုင်ငံတကာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်နဲ့ ဆွစ်ဇာလန်အခြေစိုက် UNI Global Union ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကနေ မြန်မာစစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ၂၃ ယောက်စာရင်း ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ၂၃ ဦးထဲမှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုုးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ ချွေးမ၊ သမီး ခင်သီရိသက်မွန်၊ ဗိုလ်ချုပ်ကြီနေဝင်းရဲ့ မြေး အေးနေဝင်း၊ ဗိုလ်ချုပ်မှုုးကြီး သန်းရွှေသားမက် မြန်မာနိုင်ဂရုဖ် ဦးထွန်းနိုင်ရွှေ၊ စစ်ကောင်စီအပေါင်းအပါ ရွှေနန်းတော် ဒေါက်တာ သက်သက်ခိုင်၊ ဧဒင်အုပ်စု ဦးချစ်ခိုင်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ထူးကုမ္ပဏီ ဦးတေဇ၊ ရွှေသံလွင် ဦးကျော်ဝင်းတို့အပြင် သူရဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်း၊ ဦးအောင်သောင်းရဲ့သား ဦးနေအောင်နဲ့ ဦးပြည်အောင် စတဲ့သူတွေပါဝင်ပါတယ်။ ဒီလူတွေဟာ စစ်ကောင်စီရဲ့ ကိုယ်ပွားတွေဖြစ်တာမို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက သူတို့ကို ဒဏ်ခတ်အရေးယူရမယ်လို့လည်း တိုက်တွန်းပါတယ်။ visa နဲ့ master ကတ်ပြားတွေသုံးစွဲခွင့်ပိတ်ပင်ဖို့လည်းတိုက်တွန်းပါတယ်။ နာမည်တွေနဲ့ တကွ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေကိုပါ စာရင်းပြုစု ဖော်ပြထားပါတယ်။ စစ်တပ်နဲ့ မကင်းတဲ့ဘဏ်တွေထဲ မြဝတီဘဏ်၊ အင်းဝဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ CHID ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် စတာတွေပါဝင်ပါတယ်။ ဒါတင်မက စစ်တပ်ကချုပ်ကိုင်ထားတဲ့ ဒါမှမဟုတ် စစ်တပ်က တပိုင်းတစချုပ်ကိုင်ထားတဲ့ ဘဏ်တွေနဲ့လည်း နိုင်ငံတကာဘဏ်တွေ အဆက်အသွယ်ဖြတ်တောက်ဖို့လည်း ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက တိုက်တွန်းပါတယ်။ ---------- Credit: