No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

AP သတင်းထောက် ကိုသိန်းဇော် ပြန်လွတ် မြေနီကုန်းမှာ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ AP သတင်းထောက် ကိုသိန်းဇော် ဒီနေ့ မတ်လ ၂၄ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။ "ကိုသိန်းဇော်ကို သူ့သက်ဆိုင်ရာသတင်းဌာနကနေပြီးတော့ သတင်းမီဒီယာကောင်စီမှာ ထောက်ခံချက်တောင်းတယ်။ ပြီးတော့ အမှုဖွင့်ထားတဲ့ရဲစခန်းမှာ အမှုကိုရုပ်သိမ်းပေးဖို့ သွားပြီး တောင်းဆိုလွှာတင်တယ်။ အဲဒါကို ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲတဲ့တရားလိုတွေက ဥပဒေအရာရှိ မှတ်ချက်တောင်းပြီး အမှုရုပ်သိမ်းလွှာတင်တော့ လွတ်လာတယ်။ အတူတူဖမ်းဆီးခံရတဲ့ MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်ကတော့ သက်ဆိုင်ရာသတင်းဌာနကနေ အမှုရုပ်သိမ်းလွှာတင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်။ ဒါကြောင့် သူကတော့မလွတ်လာသေးဘူး" လို့ သူတို့အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောပါတယ်။ ကိုသိန်းဇော်နဲ့ ကိုရဲမျိုးခန့်တို့ဟာ ဖေဖော်ဝါရီ လကုန်ပိုင်းက ရန်ကုန်၊ မြေနီကုန်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူနေစဉ်ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကို ပုဒ်မ ၅၀၅(က) နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက အမှုဖွင့်တရားစွဲထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကို တရားစွဲထားတဲ့ တိုင်ချက်မှာတော့ သတင်းယူနေစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး ဆန္ဒပြပွဲတွေနဲ့ပတ်သက်မှုမရှိကြောင်း အမှုရေးဖွင့်တိုင်ချက်ကို ဖတ်ရှုရတယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ကိုရဲမျိုးခန့်ကိုတော့ ဧပြီလ ၆ ရက်ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။ "ဒီနေ့ အမေရိကန်သံရုံးက အတွင်းဝန်လာတယ်။ ဒါပေမဲ့ အင်းစိန်‌ေထာင်တွင်းယာယီခံုတရားရုံးထဲ ဝင်ခွင့်မရဘူး။ ဝင်ပြီးလေ့လာခွင့်ရဖို့ သူတို့ကို လျှောက်ထားလွှာတင်ပါလို့တော့အကြံပြုထားတယ်" လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ဒါ့အပြင် သတင်းထောက် ကိုဗညားဦးနဲ့ ဇီးကွက်မီဒီယာက ကိုပြည့်ဖြိုးဇော်တို့ကိုလည်း ဒီနေ့ အင်းစိန်အကျဉ်း ထောင်တွင်း ယာယီစုပေါင်းတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သူတို့ကတော့ ယနေ့ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူး။ ကိုသိန်းဇော်၊ ကိုရဲမျိုးခန့်တို့နဲ့ တရက်တည်းဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနောင်းသတင်းထောက်မကေဇွန်နွေးနဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းတို့ကို မနက်ဖြန် မတ်လ ၂၅ ရက်မှာ အင်းစိန်ထောင်တွင်းယာယီတရားရုံးမှာ ရုံးထုတ်ဖို့ရှိနေပါတယ်။ အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက် တွေကိုတရားစွဲထားတဲ့ပုဒ်မ ၅၀၅ (က) ဟာ စစ်ခုံရုံးနဲ့စစ်ဆေးစီရင်နိုင်တဲ့ပုဒ်မ ၂၃ မျိုးထဲမှာပါ၀င်နေပါတယ်။ ဒါကြောင့် သူတို့ကို အင်းစိန်ထောင်တွင်းယာယီစုပေါင်းတရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး ဒီနေ့မှာ သက်ဆိုင်ရာ ရှေ့နေတွေနဲ့ ဆွေးနွေးခွင့်ပေးခဲ့ပါတယ်။ ဒီနေ့ရုံးထုတ်မှာတော့ အဲဒီထဲက ကိုသိန်းဇော်တစ်ဦးသာပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56331237 Credit: