
ညီနောင်မဟာမိတ် သုံးဖွဲ့စလုံး အပစ်အခတ်ရပ်စဲရေး ဆက်လုပ်သင့် မသင့် စဉ်းစားနေ ~~~~~~ ■ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ထုတ်ပြန်လာခဲ့တဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထုတ်ပြန်သင့်၊ မသင့်ကို စဉ်းစားနေဆဲဖြစ်တယ်လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က RFA ကို ပြောပါတယ်။ ဆန္ဒပြပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ထိပ်ပိုင်းဆောင်တွေက ဆွေးနွေးနေကြတယ်လို့လည်း ဆိုပါတယ်။ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး နောက်ဆုံးကြေညာချက်ဟာ မနက်ဖြန် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား အချိန် လေးလနီးပါး အပစ်အခတ်တွေရပ်စဲနေတဲ့ ရခိုင်မြောက်ပိုင်းမှာတော့ အပစ်အခတ်တွေရပ်ရေး ထုတ်ပြန်တာမရှိရင် တိုက်ပွဲတွေပြန်ဖြစ်လာမလာ ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။ လက်ရှိမြန်မာပြည်တွင်းမှာ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုအပ်ပြီး မရပ်တန့်ခဲ့ရင် နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ပြည်သူတွေနဲ့အတူ ပူပေါင်းဆောင်ရွက်သွားမယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဒီနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။ Crdeit: