No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရဲနဲ့စစ်သားတွေပစ်ခတ်လို့ ဂန့်ဂေါမှာ အနည်းဆုံး ၈ ဦးကျဆုံး၊ တစ်ဦးရဲ့ဈာပနကိုယနေ့ကျင်းပရာ ထောင်နဲ့ချီသောပြည်သူများလိုက်ပါပို့ဆောင် ရန်ကုန်- ၂၀၂၁ ဧပြီ ၁ (မော်ကွန်း) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့က ပစ်ခတ်မှုတွေကြောင့် ကျဆုံးသူ အနည်းဆုံး ရှစ်ဦးအထိ ရှိပြီး တစ်ဦးရဲ့ ဈာပန အခမ်းအနားကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ရာ ထောင်နဲ့ချီတဲ့ ဂန့်ဂေါမြို့ခံတွေက လိုက်ပါပို့ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မနေ့က မနက် ၁၀ နာရီဝန်းကျင် ဂန့်ဂေါမြို့ပေါ်မှာ စစ်သားနဲ့ရဲတွေရဲ့ ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဂန့်ဂေါမြို့အနီးမှာပဲရှိတဲ့ ကျဆုံးသူရဲ့ ရွာမှာတင် ခါးနဲ့ခြေထောက်ကို ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့သူနှစ်ဦးလည်း ရှိသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဂန့်ဂေါနဲ့ နယ်ချင်းဆက်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ စစ်ကူသွားတဲ့ စစ်တပ်ဟာ ဒီမြို့နှစ်ခုကိုဆက်သွယ်ထားတဲ့ ကားလမ်းမတလျှောက်ဘေးမှာရှိတဲ့ ကျေးရွာတွေက ဆန္ဒထုတ်ဖော်သူတွေကို ပစ်ခတ်တာကြောင့် ရွာတွေမှာလည်း ကျဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်တွေအတွင်း ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ ဒီနေ့ဈာပနအခမ်းအနားကျင်းပတဲ့ ကျဆုံးသူဆိုရင် မနေ့တုန်းက နံနက် ၁၀ နာရီလောက်ကတည်းက ကျဆုံးပေမယ့် ရဲနဲ့စစ်သားတွေက အလောင်းမပေးဘဲ ယူငင်ကာ ခွဲစိတ်ဖြတ်တောက်မှုတွေ လုပ်ဆောင်တာကြောင့် ရုပ်မပီတော့တဲ့ အလောင်းကို မိသားစုက ချက်ချင်းပဲ ဒီနေ့ သင်္ဂြိုဟ်လိုက်ရတာလို့ ဈာပန အခမ်းအနား တက်ရောက်ခဲ့သူတစ်ယောက်က မော်ကွန်းကို ပြောပြတယ်။ ကျဆုံးသူမှာ လသားအရွယ်နဲ့သုံးနှစ်အရွယ်ကလေးငယ်နှစ်ဦးကျန်ရစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။ သားဖြစ်သူကျဆုံးခဲ့ပေမယ့် မိသားစုဝင်တွေဟာ ကြောက်ရွံ့နေတဲ့အတွက် သူတို့ရွာအမည်၊ ကျဆုံးသူ အမည်တွေကို အသုံးမပြုဖို့လည်း မေတ္တာရပ်ခံပါတယ်။ ဂန့်ဂေါမြို့ပေါ်မှာ ရဲနဲ့စစ်သားတွေဟာ ညပိုင်းအချိန်တွေမှာ ဆက်တိုက်ကို ပစ်ခတ်မှုတွေလုပ်ဆောင်နေပြီး မြို့ရဲ့ အနောက်ဘက်ခြမ်းတံတားနဲ့ အရှေ့ဘက်ခြမ်းတံတား နှစ်စင်းကို ပိတ်ဆို့ကာ ခံတပ်ပြုလုပ်ကာ လာသမျှပစ်မယ်လို့ ကြေညာထားတဲ့အတွက် မြို့ခံတွေဟာ ဒီတံတားတွေကို ဖြတ်သန်းအသုံးပြုခွင့် မရကြဘူးလို့ အထက်ပါ ဈာပနအခမ်းအနားတက်ရောက်ခဲ့သူက မြေပြင်အခြေအနေကို ရှင်းပြတယ်။ ဒါအပြင် ဂန့်ဂေါမြို့နဲ့ မြို့နယ်ချင်းဆက်နေတဲ့ ကလေးမြို့မှာလည်း လူထုဟာ အာဏာသိမ်းစစ်ကောင်စီကို အကြီးအကျယ် ဆန္ဒပြနေတာကြောင့် ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ဆိုပါတယ်။ Credit: