No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပဲခူးမြို့ ရွှေမော်ဓောဘုရားနဲ့ လိပ်ပြာကန်နားမှာရှိတဲ့ ရပ်ကွက် ၃ ခုမှာ ဒီနေ့ ဧပြီလ ၉ ရက်မနက်အစောပိုင်းတည်းက ဖြစ်တဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၄ ဦးထက်နည်းရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေက ဆိုရှယ်လစ်၊ မဂ္ဂတစ်နဲ့ ဆံတော်တွင်းရပ်ကွက်တွေမှာ မြို့ခံလူထုက ပြုလုပ်ထားတဲ့ ခုခံကာကွယ်ရေး အဟန့်အတားတွေရယ်၊ အဲဒီမှာ ကာကွယ်ဖို့ရှိနေတဲ့လူငယ်တွေရယ်ကို မနက် ၅ နာရီလောက်ကတည်းက လာဖြိုဖျက်ရာကနေ ပစ်ခတ်မှုစတင်တယ်လို့ သိရပါတယ်။ ''မနက် ၅ နာရီခွဲမှာ ခံတပ်လုပ်ထားတဲ့နေရာတွေက ခုခံရေးလုပ်နေတဲ့လူငယ်တွေ အကုန်လုံး နောက်ပြန်ဆုတ်ရတယ်။ အဲဒီမှာ ရပ်ကွက်တွေထဲ အထိ ဝင်ပစ်တာ။ လက်နက်ကြီးနဲ့ထုတဲ့အသံတွေလည်းကြားရတယ်။ ဗီဒီယိုတွေ ရိုက်ထားတာတော့ရှိတယ်။ အင်တာနက်မရတော့ အဆင် မပြေဖြစ်နေတာ။ ခုလမ်းထဲတောင် ထွက်လို့မရဘူး'' လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ ပစ်ခတ်ဖြိုခွင်းမှုမှာ အနည်းဆုံး လူ ၃၀ လောက် ဒဏ်ရာရထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ဒါ့ပြင် မှော်ကန် ၇ လမ်းနဲ့ ပုဏ္ဏားစု ၂၅ လမ်းတွေထဲကနေ ဖမ်းဆီးခံထားရသူ ၁၀ ဦးကျော်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီအချိန်အရောက်မှာ သေဆုံးသူ ၂၀ နီးပါးနဲ့ ဖမ်းဆီးခံထားရသူ ၃၀ ကျော်အထိရှိနေတဲ့သတင်းတွေ တက်လာနေတယ်လို့ မြို့ခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။