
စစ်ကောင်စီတပ်တွေနဲ့ KNLA တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးကျဆုံးတယ်လို့ KNU ထုတ်ပြန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ တို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား မေ ၂၂ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကာ သေနတ်နှစ်လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးKNU သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။ မေ ၂၂ ရက်မနက် ၁၁ နာရီခွဲကျော်ခန့်မှာ ခဲဒိုးအုပ်စု လယ်ပူထာ၊ ဝါမီလူနယ်မြေတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး KNLA ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီဘက်က ၆ ဦးကျဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိတာလို့လည်း ဆိုပါတယ်။ ဒါ့အပြင် မနေ့ မေ ၂၄ ရက်မနက် ၁၁ နာရီခွဲမှာလည်း မူတြောခရိုင်ဘူးသိုမြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။ အဲဒါကြောင့် မနေ့ ညနေ ၆ နာရီခွဲမှာ ဖာပွန်အခြေစိုက် ခမရ ၁၉ နဲ့ ခမရ ၃၄၀ က စစ်ကောင်စီတပ်တွေဟာ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ပြည်သူတွေရဲ့ ဥယျာဉ်ခြံအတွင်း လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီး ၆ လုံးပေါက်ကွဲခဲ့ကာ ၁ လုံးမှာမူ မပေါက်ကွဲခဲ့ကြောင်းလည်း ပါရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းရှိ ဃူဘီးထွီကနေ ကမမောင်းသို့ ၆ ဘီးကား၊ ၁၀ ဘီးကား စုစုပေါင်း ကား ၁၃ စီးနဲ့ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ KNLA နဲ့ စစ်ကောင်စီတပ်တွေဟာ နေ့တိုင်းလိုလို ပစ်ခတ်မှုတွေဖြစ်ပွားနေပြီးပြည်သူလူထုရဲ့လုပ်ငန်းခွင်နဲ့ကျေးရွာတွေထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း KNU ထုတ်ပြန်ချက်ကဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းတစ်စုံတရာ ထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။ အခု KNU နဲ့ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ တပ်မဟာ ၅ ရဲ့ သဘောထားသာဖြစ်ပြီး KNU ရဲ့ ခေါင်းဆောင်ကိုယ်တိုင်က နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းတဲ့နည်းလမ်းကို ပြောကြားထားပြီးဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေ ၁၅ ရက်သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57072578 ဓာတ်ပုံ-သူလေးသတင်းဌာန Credit: