
စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် စစ်ကြောရေးတွင် ကျဆုံးသူ ABSDF ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမိုးလှိုင်သည် ပြည်ထဲရေးဒုဝန်ကြီး၊ရဲချုပ် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ညီအရင်းဖြစ် ရန်ကုန်၊ မေ ၂၅ (ခေတ်သစ်မီဒီယာမှ သတင်းဆောင်းပါးကို ပြန်လည်ကူးယူ ဖော်ပြပါသည်။ ) ပဲခူးတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့်မေလ ၂၄ ရက်နေ့တွင် ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ၊ ABSDF အဖွဲ့ဝင်ဟောင်း ဦးစိုးမိုးလှိုင်သည် လက်ရှိ စစ်ကောင်စီတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ညီအရင်းဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာဝင်္ဂဘော် နိုင်/ကျဉ်းပညာရေးကွန်ရက်တည်ထောင်သူလည်းဖြစ်၊ ကလေးများအတွက်ပညာဒါနပြုလုပ်နေသူလည်းဖြစ်သူ ABSDF အဖွဲ့ဝင်ဟောင်း ဦးစိုးမိုးလှိုင်သည် မေလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ပဲခူးမြို့နယ်ဘုရားကြီး ဇောင်းတူတွင်ဖမ်းဆီးခံရကြောင်း၊ စစ်ကြောရေးတွင် မေလ ၂၃ရက်နေ့က သတိမေ့မြောနေပြီး မေလ ၂၄ ရက်နေ့ ညနေတွင်သေဆုံးသွား၍ အလောင်းလာထုတ်ရန် အကြမ်းဖက်စစ်ကောင်စီက မိသားစုကို အကြောင်းလာကြောင်း သိရှိရသည်။ "ကိုစိုးမိုးလှိုင် ထောင်လွတ်ပြီးတော့ သူ့ အဖေနာရေး အမတို့ ရောက်တယ်။ အဲဒီမှာကျမှ အမတို့က သိတာ။ သူ့အစ်ကိုက စစ်တပ်ထဲမှာ အကောင်ကြီးကြီးဆိုတာ။ အခု ရဲချုပ်ဖြစ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ပြည်ထဲရေးဒုဝန်ကြီးပေါ့။ ကိုစိုးမိုးလှိုင်က ပြောဖူးတယ်။ ငါ့အကိုနဲ့ ငါက မဲသဝေါတိုက်ပွဲတုန်းက ညီအကိုနှစ်ယောက် တိုက်ခဲ့ကြတယ်။ အဲဒီတုန်းက သူက ABSDF မှာ KNU ဘက်က တိုက်တာ။ သူ့အစ်ကိုက စစ်တပ်ဘက်က ။ အဲဒါ သူက ရယ်ပြီးတော့ ပြောတယ်။ ငါ့အစ်ကိုက ငါ့ကို သတ်မယ်တဲ့ဟဆိုပြီး ရယ်ရယ်မောမော ပြောတယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်က အခေါ်အပြော မရှိဘူး" ဟု ပြည်တွင်းနိုင်ငံရေးအကျဉ်းသူ တစ်ဦးက ပြောသည်။ အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသူ နိုင်ငံရေးအကျဉ်းသား ဦးထွန်းထွန်းကလည်း ဦးစိုးမိုးလှိုင်နှင့် အစ်ကို ဖြစ်သူ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်တို့အကြောင်း သူ၏ လူမှုကွန်ရက်တွင် ပြန်လည် မျှဝေထားသည်။ "အမေတစ်ယောက်တည်းက မွေးတယ်။ တစ်ယောက်က ငါတို့ရဲဘော် ၊ တစ်ယောက်က စစ်ခွေး။ ရန်ကင်း မှာကြီးကြတယ်။ အဖေဖြစ်သူက ဆရာဝန်ကြီး ဒေါက်တာစိန်လှိုင်။ ညီအကို၂ယောက်စိတ်ဓါတ်က တစ်ခြားစီပါ။၈၈တုန်းကလည် ကရင်ပြည်နယ် စစ်မြေပြင်မှာ ၂ ယောက်ချိန်းပြီး စစ်တိုက်ကြတယ်။ အဲ့ဒီတုန်းက အငြိုးတွေ သူကိုယ်တိုင် ကိုမဲကြီးကို သတ်ပြမယ်လို့ကြွေးကြော်ခဲ့တဲ့ကောင် အခု အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲရေး ဒု-ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဖြစ်လာတယ်။ ပြည်သူကို ရက်ရက်စက်စက် ပစ်သတ်ခိုင်းတဲ့ ရဲချုပ် ။ အခုလည်း ဒင်းလက်ချက်နဲ့ သေခဲ့ရပြီ။ စစ်အာဏာရှင်စနစ်မှာ ဆွေမျိုးမရှိဘူး။ သခင်ပဲရှိတယ်၏ သခင်အားရအောင် ကျွန်ပါးဝပြရတာ ထုံးစံပဲ။ အခုလည်း ဇောင်းတူမှ သတ်တဲ့အလောင်းကို ရန်ကုန်ကို သူပဲ ယူခိုင်းခဲ့တာပါ" ဟု ဦးထွန်းထွန်းက ရေးသားထားသည်။ ဦးစိုးမိုးလှိုင်(ခ) ကိုမဲကြီးသည် ABSDF ကျောင်းသားတပ်မတော် တပ်ရင်း၂၀၄ (၁၉၈၈) ၊သေဘောဘိုး ဘစတပ်ခွဲ(၁၉၈၈)၊ အင်းစိန်သီးသန့်ထောင် ( ၁၉၉၁- ၁၉၉၅)၊ သာယာဝတီထောင်(၁၉၉၅- ၂၀၀၁)တို့ တွင် ထောင်ကျခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် မေလ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ အကြမ်းဖက် လူသတ် ဖက်ဆစ် တပ်များ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ "အမသိတာက သူ့ကို လာဖမ်းကတည်းက အတော်ကြီးကို ရိုက်နှက်တယ်။ နားထင်ချိုင့်နေတယ်။ ကိုယ်ခန္ဓာကိုယ် မကြည့်ခိုင်းဘူး အလောင်းကိုလည်း။ စဖမ်းကတည်းက အရမ်းရိုက်နှက်တော့ ခေါ်သွားတုန်းက ကတ်နဲ့ ထမ်းပြီး ခေါ်သွားရတာ။ မေလ ၂၃ ရက်နေ့မှာ မေ့မြောနေတယ်။ ၂၄ ရက်နေ့မှာ သေပြီဆိုပြီး အကြောင်းကြားတယ်ပေါ့" ဟု နိုင်ငံရေးအကျဉ်းသူဟောင်းက ဆိုသည်။ ဦးစိုးမိုးလှိုင်တွင် ဇနီးနှင့်သားသမီး ၅ ဦးကျန်ရစ်ပြီး ရန်ကုန်တွင် ယနေ့ သဂြိုလ်ကြောင်း သိရှိရသည်။ " သူတို့ ညီအစ်ကို ၂ ဦးအကြောင်းကလည်း တကယ့်ကို ခေတ်သစ် ကျေးညီနောင်ပုံပြင်လိုပဲ။ တစ်ဦးက ပြည်သူ့သူရဲကောင်း၊ ဒီမိုကရေစီအတွက် အသက်စွန့်သူ၊ အစ်ကို စစ်တပ်အတွက် အလုပ်လုပ်သူ ဖက်ဆစ်စစ်ခေါင်းဆောင်ထဲမှာပါသူ။ အစ်ကိုက ညီအရင်းကို ပြန်သတ်တာပေါ့။ ကြားရတာ စိတ်မကောင်းစရာပါ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက သုံးသပ်ပြောဆိုသည်။ Link - https://www.facebook.com/385165108587508/posts/1204848099952534/?d=n Credit: