
ရွှေကူတွင် စစ်ကောင်စီတပ်များ သင်္ဘောဖြင့်စစ်အင်အားဖြည့်တင်းနေသဖြင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေ ရွှေကူ - မေ ၂၈၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ပေါက်ကုန်းကြီးကျေးရွာသို့ ယနေ့နံနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ခန့်သင်္ဘောဖြင့် ရောက်ရှိလာသဖြင့် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်များက လက်နက်ကြီးများသယ်ဆောင်ကာ ရောက်ရှိလာခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်မည်ကို စိုးရိမ်သောကြောင့် မြစ်တဖက်ကမ်းသို့ ပြောင်းရွှေ့နေသူများလည်း ရှိသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ "စစ်သား ၁၀၀ ကျော် ကျွန်တော်တို့ ရွာဦးကိုရောက်နေပြီ။ သူတို့လက်နက်ကြီးတွေရောပါတယ် အများကြီးပဲ။ ဒီဘက်က အသင့်စောင့်နေတဲ့ KIA အဖွဲ့တွေနဲ့ နှစ်မိုင်ဝန်းကျင်အကွာထိနီးခဲ့လို့ ရွာသားတချို့ မြစ်တဖက်ကမ်းကူးပြေးကုန်ကြပြီ" ဟုပြောသည်။ ဒေသခံများက The 74 Media ကိုပေးပို့သည့် ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်များက ပေါက်ကုန်းကြီးရွာကိုဖြတ်၍ ရွာနောက်ပိုင်းသို့ဦးတည်သွားလာနေကြောင်း တွေ့ရသည်။ စစ်ကောင်စီတပ်များသည် ကျောက်တစ်လုံးရွာမှ ပေါက်ကုန်းကြီးရွာသို့ ယနေ့နံနက် ၈ နာရီဝန်းကျင်၌ သင်္ဘောဖြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်များက သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းလေ့ရှိပြီး ကေအိုင်အေတပ်များက မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။ - ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။ ================ လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ကူညီပါ။ The 74 Media အနေနဲ့ မှန်ကန်တဲ့သတင်းတွေကို ဆက်လက်တင်ဆက်နိုင်ဖို့ နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ။ shorturl.at/apHL7 Credit: