No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကယားပြည်နယ်တွင် KPDF နှင့် အကြမ်းဖက်စစ်ကောင်စီတိုက်ပွဲ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဟု KNU ထုတ်ပြန်၊ အကြမ်းဖက်စစ်အုပ်စုက စစ်အင်အားတိုးချဲ့နေမှု အဆုံးထိတိုက်မည်ဟု KPDFပြော ရန်ကုန်၊ မေ ၂၈ ကယားပြည်နယ်တွင် ကယားပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF နှင့် အကြမ်းဖက်စစ်ကောင်စီတို့၏ မေလ ၂၇ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးကြောင်း KNU ဘက်က သတင်းထုတ်ပြန်သည်။ ကယားပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး KNU သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကယားပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် ကယားပြည်သူ့တပ်မတော်တို့အကြား ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့မှ ၁၂ ယောက်သေဆုံးကြောင်းနှင့် လွိုင်ကော်ဘက်တွင် အကြမ်းဖက်စစ်အုပ်စုတို့သည် တပ်အင်အားတိုးချဲ့ချထားကြောင်း KNU သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KPDF ကယားပြည်သူ့ကာကွယ်ရေးတပ်မတော်ကမူ ကယားပြည်နယ် လွိုင်ကော်လေဆိပ်သို့ ယနေ့နံနက်အစောပိုင်းက စစ်အင်အား ၅၀၀ကျော်အပါအဝင် လက်နက်ခဲယမ်းအပြည့် အစုံ( အသင့် တပ်ဆင်ပြီး)ပါဝင်သော စစ်ဘက်သုံးလေယာဉ်တစ်စီးဆိုက်ရောက်ခဲ့ပြီး အဆိုပါ လက်နက်အင်အားနှင့် လူအင်အားများအား ပြည်နယ်အတွင်းရှိ စစ်စခန်းများသို့ အင်အားဖြန့်ကျက်ပို့ဆောင်ထားကြောင်း သတင်းထုတ်ပြန်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက KPDF ထံသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီဘက်က မည်မျှ စစ်အင်အားတိုးချဲ့စေကာမူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ ကယားပြည်နယ်တွင် မေလ ၂၃ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ စတင်လာခြင်းဖြစ်သည်။ Credit: