
အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲပြီး ဂျာဗားကျွန်း ကောင်းကင်ယံမှာ မီးခိုးချော်ပြာတွေ ဖုံးလွှမ်း ဇန်နဝါရီ-၁၇၊ ၂၀၂၁ အင်ဒိုနီးရှား နိုင်ငံမှာ မီးတောင်တစ်လုံး ပေါက်ကွဲမှုကြောင့် ဂျာဗားကျွန်းရဲ့ ကောင်းကင်ယံမှာ မီးခိုးချော်ပြာတွေ ပျံ့နှံ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်း ကျွန်းစုနိုင်ငံရဲ့ လူဦးရေ အသိပ်သည်းဆုံး ကျွန်းပေါ်မှာ တည်ရှိတဲ့ ဆီမီရူ မီးတောင်ဟာ ဇန်နဝါရီ ၁၆ ရက်က စတင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မီးတောင်က မှုတ်ထုတ်လိုက်တဲ့ မီးခိုးလုံးတွေ၊ ချော်ပြာတွေဟာ မြေပြင်အထက် ငါးကီလိုမီတာခွဲလောက်ထိ ရောက်ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးတောင်တဝိုက်ကို ချော်ရည်တွေ စီးကျလာတာမျိုး မတွေ့ရတာကြောင့် အရေးပေါ် ရွှေ့ပြောင်းစရာ မလိုသေးသလို လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေလည်း မကြားရသေးပါဘူး။ ဒါပေမဲ့ မီးတောင်နဲ့ အတော်ဝေးတဲ့ လူနေ ရပ်ကွက်တွေထဲထိ ချော်ပြာတွေ လွင့်စဉ်လာတာမျိုးနဲ့တော့ ကြုံနေရပါတယ်။ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီက မီးတောင်တဝိုက် တောင်စောင်း ဧရိယာတွေမှာ နေထိုင်သူတွေ အနေနဲ့ နောက်ဆက်တွဲ ညွှန်ကြားချက်တွေကို အချိန်နဲ့ တပြေးညီ နားစွင့်နေဖို့ တိုက်တွန်းထားပါတယ်။ ပေပေါင်း တစ်သောင်း နှစ်ထောင်ကျော် မြင့်တဲ့ မီးတောင်ဟာ ဒေသတွင်းက ကျေးရွာတချို့ရဲ့ အထက်မှာ အုပ်မိုးပြီး တည်ရှိနေပါတယ်။ ဒေသခံတွေက ချော်ရည်ခဲတွေ တဖြည်းဖြည်းချင်း စတင် စီးထွက်လာတာမျိုး ရှိမရှိ စောင့်ကြည့်နေပြီး အဲဒီ အခြေအနေမျိုး ဖြစ်လာတာနဲ့ ရွှေ့ပြောင်းဖို့ စီစဉ်ထားကြပါတယ်။ ဆီမီရူဟာ ဂျာဗားကျွန်းပေါ်မှာ အမြင့်ဆုံးနဲ့ အတွင်းပိုင်း လှုပ်ရှားမှုတွေ အထူထပ်ဆုံး မီးတောင်ရှင် တစ်လုံးပါ။ ပြီးတော့ ပတ်ဝန်းကျင် ရှုခင်း လှပမှုကြောင့် အင်ဒိုနီးရှားမှာ ခြေလျင်ခရီး သွားလာသူတွေကြား ရေပန်းအစားဆုံး နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်နဲ့ မီးတောင် လှုပ်ရှားမှုတွေ မကြာခဏ ကြုံတွေ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆူလာဝေဆီ ကျွန်းမှာ ရစ်ချ်တာစကေး ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၄၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ Credit: