
လှေဆွဲရွာ လူသတ်မှုကြီး ************************ ဧရာဝတီ တိုင်း ကျုံပျော် မြို့နယ် အတွင်း ရှိ လှေဆွဲ ရွာတွင် ရန်ကုန်သို့ ငှက်ပျောသီး တင်ပို့ ရောင်းချသူ ဦးကြွေ ဆိုသူအား ရန်ကုန်သို့ လက်နက်များ တင်ပို့နေသည် ဆိုကာ ဒလန်များ၏ သတင်းပေးမှုဖြင့် လာရောက်ဖမ်းဆီး ရာမှ ရွာသား ၈၀ ခန့် သည် ရွာအဝင်တွင် အစောင့်ချထားသည့် အာဏာသိမ်း တပ်သား အချို့ကို လေသေနတ် များ၊ မြှားများ၊ လေးဂွများ ဖြင့် ချုံခို တိုက်ခိုက်ရာမှ တိုက်ပွဲ တနာရီခန့် ဖြစ်ပွားခဲ့ရာ ရွာသား နှစ်ဆယ်ခန့် အသတ် ခံခဲ့ရသည် ဟု ပြည်တွင်း ရှိ ခေတ်သစ် မီဒီယာ နှင့် အခြား ဒေသခံ သတင်းများကို ကိုးကား၍ ရိုက်တာ သတင်း ဌာနကမူ ဖေါ်ပြထားပြီး အဆိုပါ ကြေးနန်း သတင်းကို ပင် ကိုးကား၍ နိုင်ငံတကာ သတင်းစာမျက်နှာတွင် ဖေါ်ပြလာကြသည်။ တိုက်ပွဲကြောင့် လှေဆွဲ ရွာ နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ရှစ်ရွာ မှ ပြည်သူများလည်း ရွာကို စွန့်ခွာ ထွက်ပြေး သွားကြရသည်ဟု ဆိုသည်။ လောလောဆယ်တွင် အာဏာသိမ်းတပ်များသည် လှေဆွဲရွာကို သိမ်းပိုက် တပ်စွဲထားသည်ဟု လည်း သိရသည်။ မြန်မာ နောင်း သတင်းကမူ ရွာသား သုံးဦး၏ အလောင်း ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ၎င်းတို့၏ သတင်း စာမျက် နှာတွင် ဖေါ်ပြထားသည်။ အဆိုပါ လှေဆွဲရွာ လူသတ်မှုကြီးတွင် ပါဝင်ခဲ့ကြသော အာဏာသိမ်း တပ်သားများ၊ ဒလန်များ အဖို့ ကတော့ ပြေးစရာ မြေမရှိတော့ဘဲ ရာဇဝတ်ဘေး ဖြင့် ကြိမ်းသေပေါက် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။ ထိုကဲ့သို့ လက်နက်အားကိုးဖြင့် ကျေးရွာများကို အတင်း အဓမ္မ ဝင်ရောက် စီးနင်း သတ်ဖြတ်နေမှုများကြောင့် အာဏာရှင်အား လက်နက်ကိုင် ဆန့်ကျင်သည့် တော်လှန်ရေးသည် ဧရာဝတီတိုင်းသို့ စတင်ပျံ့နှံ့ လာခဲ့ပြီ ဖြစ်လေသည်။ ရွှေကူ မြို့ ရှိ ရဲစခန်းကို လည်း PDF တပ်များ နှင့် ကချင် တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်း အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်ဟု လည်း သိရသည်။ မန္တလေး တွင် အာဆီယံ အလံကို မီးရှို့ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု ရိုက်တာ သတင်းက ဆိုသည်။ (ပုံတွင် ရှု့) သို့သော် အာဆီယံ နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး အဆင့် လူချင်း တွေ့ဆုံ ဆွေးနွေးပွဲအား တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ရှိ ချုံကင်း မြို့တွင် နောက်အပတ်ထဲ၌ ပြုလုပ်ရန် သဘောတူ ညီခဲ့ကြပြီး ဖြစ်သည်ဟု RFA သတင်း တွင် ဖေါ်ပြထားသည်။ အာဆီယံ မှ မြန်မာနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှု အဖြစ် ကိုယ်စားလှယ်အဖွဲ့ နေပြည် တော်သို့ ရောက်ရှိလာခဲ့သော်လည်း အားလုံးက မျှော်လင့်ထားသည့်အတိုင်း မည်သည့် တိုးတက်မှု မှ မရရှိဘဲ ပြီးဆုံးသွားခဲ့ပုံရသည်။ NUG ကတော့ အာဆီယံ ၏ ကြိုးပမ်းမှု အပေါ် မည်သို့မျှ အယုံအကြည် မရှိတော့ဟု ထုတ်ဖေါ်ပြောကြားခဲ့သည်။ အာဆီယံ အနေနှင့် အာဏာသိမ်း ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးမှု ဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့ ပုံရှိ သော်လည်း ကျွဲနား စောင်းတီး ဆိုသလိုသာ ဖြစ်ခဲ့ပြီး အောင်မြင်မှု မရခဲ့ပေ။ထို့အတွက် တရုတ်အား စစ်ခေါင်း ဆောင်များအပေါ် အာဆီယံ ၏ ဦးဆောင် ဖြေရှင်းမှုကို လက်ခံရန် ဖိအားပေးဖို့ နားပူနာဆာ လုပ်ရန် ရည်ရွယ် ပုံရှိနေသည်။ တရုတ် အနေဖြင့် စစ်ခေါင်းဆောင်များသည် အာဏာကို မရမက အတင်းဆုပ်ကိုင်ထားနေခြင်းကြောင့် ပြည်ပမှ မဖြစ်မနေ ဝင်ရောက်စွက်ဖက်လာရန် ဖိတ်ခေါ်သလို ဖြစ်နေသည့်အတွက် စိုးရိမ်နေပြီး တဖက်မှ လူထု၏ ပုန်ကန်ထကြွမှု ဖြင့် အာဏာရှင်တို့ ပြုတ်ကျသွားနိုင်သည် ဆိုသည်အား အဖြစ်မခံလိုမှုများ အကြား ဗျာများနေပုံ ရှိနေသော်လည်း လိပ်ခဲတည်းတည်း ဖြစ်နေသည့် အာဆီယံ အထူး သံတမန် ရွေးချယ် ခန့်အပ်ရေးကို ဝင်ရောက် ဖြန်ဖြေပေးရန် ရှိနေသည်။ မြန်မာပြည်သူများ၏ အနာဂတ် အတွက် မည်သို့သော ဆွေးနွေးမှုမျိုး မဆို ပြည်သူများကို ကိုယ်စားပြုသူများ မဖြစ်မနေ ပါဝင်ရမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြောခွင့်ရ ဒေါက်တာ ဆာဆာ က ပြောကြား လိုက်သည်။ အွန်လိုင်းမှ တဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ ဆာဆာက ဆက်လက် ပြောကြားခဲ့ရာ တွင် “ရှေ့လာမည့် လများ အတွက် အာဏာသိမ်း အဖွဲ့ကို လက်နက် စွဲကိုင် တော်လှန်ကြမည့် အင်အားစုများ နေရာအနှံ့တွင် ပေါ်ပေါက်လာတော့မည် ဖြစ်၍ အခြေအနေများမှာ ရှုပ်ထွေးလာတော့မည် ဖြစ်သောကြောင့် နိုင်ငံတည်ငြိမ်ရေး အတွက် အာဏာသိမ်းမှုအား ဆုံးခန်းတိုင်သွားရန် နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီ ဖြေရှင်းမှသာ ဖြစ်မည်” ဟု ဆိုသည်။ ဒေါက်တာ ဆာဆာ သည် မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ထိခိုက်နိုင်သည့် တရုတ် နှင့် အာဆီယံ နိုင်ငံများကို ရည်ရွယ် ပြောကြားလိုဟန် ရှိသည်။ တိုက်ရိုက် ထုတ်လွှင့်သော သတင်းစာရှင်းလင်းပွဲတွင် လူ့အခွင့် အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမှ ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာသွားပြီး ရိုဟင်ဂျာများအား နိုင်ငံသား ဖြစ်ခွင့် ရှိမှုကို အသိ အမှတ် ပြုသွားခဲ့သည်။ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးမှ စစ်ကောင်စီ၏ ကိုဗစ် ကာကွယ်ဆေးသည် စံချိန်စံနှုန်းများ ပြည့်မီခြင်း မရှိ၍ မိမိတို့မှ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံပေးသွားရန် စီစဉ်မည်ဟု ဆိုသည်။ အရေးကြီးဆုံး သတင်း အဖြစ် ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဒေါက်တာ ခင်မမမျိုး မှ NUG သည် မြို့နယ်များ တွင် ဖွဲ့စည်းထားပြီး ဖြစ်သော PDF တပ်များနှင့် ပူးပေါင်းသွားမည်ဟု ထုတ်ဖေါ် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ ပြည်သူများကိုလည်း မလွှဲမသွေ ဖြစ်ပေါ်လာတော့မည့် စစ်ပွဲကြီး အတွက် ပြင်ဆင်ထားကြရန်လည်း တိုက်တွန်း သွားခဲ့သည်။ NUG ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ပြည်သူအများ ကြည့်ရှုနိုင်ခြင်း မရှိရန် အင်တာနက်အား တနာရီ ကြာဖြတ် တောက်သွားခြင်း ကို ရည်ညွှန်းပြီး ပြောဆိုရာတွင် မိမိတို့ သည် လူ့အခွင့်အရေးဆိုသည်မှာလည်း မရှိ၊ မိမိတို့ ကိုယ် မိမိတို့ မပိုင်ဘဲ ၎င်းတို့ ထားရာနေ စေရာသွား ဘဝ ရောက်နေရပြီ ကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။ ထို့အတွက် မိမိတို့ အခွင့်အရေး ကို မိမိတို့ တိုက်ယူမှသာ ဖြစ်တော့မည်ဟု ဆိုသည်။ NUG မှ ပြောမည့်စကားများကို ပြည်သူများ နားထောင်မည်ထက် ၎င်းတို့ လက်အောက်ခံတပ်သားများ ကြား၍ မဖြစ်ဟု အာဏာသိမ်း အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းသည်ပင် အာဏာသိမ်း အဖွဲ့ကို စိတ်ဓါတ် စစ်ဆင်ရေး အရ အောင် မြင်စွာ ထိုးနှက် နိုင်လိုက်ခြင်းလည်း ဖြစ်ပေသည်။ NUG သတင်းစာရှင်းလင်းပွဲမှ တဆင့် အာဏာသိမ်း တပ်သားများအား အစိုးရထံ အချိန်မီ လက်နက်ချ အလင်း ဝင်လာရန် တိုက်တွန်းသွားခဲ့သည်။ ရိုဟင်ဂျာ ခေါင်းဆောင်များက NUG ၏ ကြေညာချက်ကို သတိကြီးစွာ နှင့် ကြိုဆိုခဲ့ကြပြီး ပါကစ္စတန် ကဲ့သို့ သော မူဆလင် နိုင်ငံ အချို့မှလည်း မြန်မာတွင် ဒီမိုကရေစီ ဖြစ်ထွန်းမှသာ ရိုဟင်ဂျာများ ဂုဏ်သိက္ခာ ရှိရှိဖြင့် ပြန်နိုင်ခွင့် ရမည် ဖြစ်၍ NUG အား အသိအမှတ်ပြု ထောက်ခံသွားရန် တောင်းဆိုမှုများလည်း ထွက်ပေါ် လာခဲ့သည်။ လက်ရှိ အနေအထား ကို အခွင့်ကောင်းယူ၍ အခွင့်အရေးများ ရသည်ထက် ရလာရန် တဖက် စောင်းနင်း တောင်းဆိုလာမည်ဆိုက ပြဿနာသည် ပြေလည် နိုင်မည် မဟုတ်၊ ဒုံရင်း ဒုံရင်းသာ ဖြစ်နေမည်ကို နားလည်ထားရန် လိုမည် ဖြစ်သည်။ NUG အနေဖြင့်လည်း ပြည်သူများ မျှော်လင့်နေကြသည့် မြို့သိမ်း တိုက်ပွဲများ အမြန် ဆင်နွဲနိုင်ရေး အတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်သွားရေး ကို ပို၍ အာရုံ စူးစိုက်သွားရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။ M16 ရိုင်ဖယ် အဟောင်း တလက်ပင် ထိုင်းနယ်စပ်တွင် ဒေါ်လာ တထောင်ခန့် ပေါက်ဈေး ရှိနေသဖြင့် PDFတပ် များ အဖို့ လောလောဆယ်တွင် လက်နက် အရည်အတွက်ထက် လူအင်အားက သာလွန်နေပေသည်။ ပြည်သူများ အနေဖြင့်လည်း လက်နက်များ ဝယ်ယူ စုဆောင်းနိုင်ရန် ရံပုံငွေများ စုဆောင်း သင့်ပြီဟု ကချင် အမျိုးသား အဖွဲ့ကြီး ၏ နိုင်ငံခြားရေးရာ တာဝန်ခံ ခမ်ပ တူ ဆာဒန်က ဆိုသည်။ သို့သော် စစ်အာဏာရှင်များကို ရွံရှာ မုန်းတီးစိတ်များ တနေ့တခြား ပြင်းထန်လာနေသည့် ဂျင်ဇီးများက မဖြစ်ဖြစ်သည့် နည်း ဖြင့် ရန်သူလက်နက် ကိုယ့်လက်နက် အဖြစ် တိုက်ပွဲဝင်သွားကြမည်သာ ဖြစ်သည်။ ထိုကဲ့သို့ အုပ်ချုပ်သူများ ကို မည်သူ တဦးတယောက်၏ အကူအညီမျှ မပါဘဲ လေးဂွ၊ လေးမြှား၊ လေသေနတ် များ၊ လုပ်သေနတ်များ အစရှိသည့် ရရာ လက်နက်ဖြင့် ဆန့်ကျင် တော်လှန်နေကြသည့် မြန်မာတို့၏ တော်လှန် ရေးကား ဆီရီးယား နှင့် လစ်ဗျား တို့ထက် သာလွန်ပြီး နှစ်ဆယ့်တစ်ရာစု ကမ္ဘာသမိုင်းတွင် စံချိန်တင်သွားခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံ အောင်ရမည်!!! Image credit - Myanmar Now Credit: