No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

🟩 တစ်နိုင်ငံလုံး တိုက်ခိုက်တော်လှန်မည့် တိုက်ပွဲခေါ်သံနေ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ကရင်နီ နှင့် ချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တောင်းဆို ။ ဇွန် ၊ ၁၀ ၊ ၂၀၂၁ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ကြေညာထား သည့် တစ်နိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်မည့် တိုက်ပွဲခေါ်သံ နေ့ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ကရင်နီ (ကယား) နှင့် ချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တောင်းဆိုလိုက်သည်။ လက်ရှိတွင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေ သည့် တိုက်ပွဲများမှာ နေရာကွက်ကြား ဖြစ်နေသော ကြောင့် စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ရာ နေရာ အနည်းငယ်ကို အင်အားအလုံရင်းဖြင့် ဖိ၍တိုက်ခိုက်နေနိုင်သည့် အခြေအနေရှိနေသည်။ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည့် ကရင်နီပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အင်အား အလွန်အကျွံအသုံးပြု၍ ပြည်သူများကို တိုက်ခိုက်လျှက် ရှိနေသည်။ " NUG က ကြေညာလိုက်တဲ့ဟာက ကျွန်တော်တို့အတွက် အားရှိတယ်။ အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ဖို့လည်း မျှော်လင့်တယ်။ ဒါမှလည်း ကျွန်တော်တို့ဘက်မှာ ဖိနေတာတွေ လျော့နည်းသွားပြီး တစ်နိုင်ငံလုံး အနေနဲ့လည်း စစ်ကောင်စီတပ်တွေကို အလွယ်တကူ တိုက်ထုတ်သွားနိုင်မှာ ဖြစ်ပါတယ်"ဟု ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကရင်နီပြည်နယ်တွင် လက်ရှိအချိန်၌ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် အနိုင်ကျင့် ရက်စက်မှုများကြောင့် ရရာနည်းလမ်းဖြင့် တော်လှန်တိုက်ခိုက်နေကြသော်လည်း NUGက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်တော်လှန် တိုက်ခိုက်လာလျှင် NUG နှင့် ပူးပေါင်း တိုက်ထုတ်သွားမည်ဟု ၎င်းက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်သားများအကြား တစ်လနီးပါးအကြာ တိုက်ပွဲဖြစ်နေသည့် ချင်းပြည်နယ် မင်းတပ်တွင် တဖြည်းဖြည်း နှင့် လမ်းကြောင်းများ ပိတ်ဆို့ လာနေပြီဖြစ်သောကြောင့် စစ်အင်အားအလုံးအရင်းဖြင့် ဖိနေမှုများ လျော့နည်းသွားမည့် အခြေအနေတစ်ရပ်ကို အမြန်ဆုံး ဖြစ်ပေါ်ချင်နေပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ " မြန်လေ ကျွန်တော်တို့အတွက် ပိုပြီးတော့ အသက်ရှူချောင်လေ ဖြစ်မှာ ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမြန်ဆုံး တော်လှန်စေချင်နေပြီ" ဟု မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပြည်သူ့ကာကာကွယ်ရေးတပ်များကို တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားပြီဖြစ်သောကြောင့် အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းကြရန် အချိန်ရောက်လျင် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် တိုက်ပွဲခေါ်သံ ပေးမည်ဟု NUGက ယခုလ အစပိုင်း၌ ကြေညာထားသည်။ Credit: