
ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး ဒေသတချို့မှာ ဖမ်းဆီးခံရသူတွေရှိ ပြင်ဦးလွင်မှာ နှင်းဆီပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး စားသောက်ဆိုင်ပိုင်ရှင် ဆိုင်ရှင် ၃ ဦးနဲ့ ဝန်ထမ်း ၉ ဦး ဖမ်းဆီးခံရ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Cafe 99 က ဆိုင်ရှင်နဲ့ဝန်ထမ်းတွေကို ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဆိုင်ကတာဝန်ရှိသူတွေက ပြောပါတယ်။ "သူတို့က မနက်ကိုးနာရီလောက်ကတည်းက စောင့်ကြည့်တယ် ။ ၁၁နာရီလောက်မှာ ဆိုင်ရှင် ၃ယောက်နဲ့ဝန်ထမ်း ၉ ယောက်ကိုဖမ်းသွားတာ ။ ပန်းတွေဝေနေတယ် လက်ကမ်းစာစောင်တွေ ဝေတယ်ဆိုပြီး စွပ်စွဲပြီးခေါ်သွားတာ ။ လက်ကမ်းစာစောင်လည်းမဝေပါဘူး။ ပန်းဝေတာက ဆိုင်ရှင်မွေးနေ့ယတြာချေတဲ့အနေနဲ့ပန်းပေးတယ်။ ကလေးတွေကို ပန်ချင်တဲ့သူတွေကိုလည်းဝေပေးတာပါ" လို့ Cafe 99 က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ လက်ရှိမှာ ဆိုင်ရှင် ၃ယောက်နဲ့ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၉ယောက်အတွက် အမြန်ဆုံးပြန်လွတ်ပေးဖို့ပဲဆုတောင်းနေတယ်လို့ ဆိုင်ကဝန်ထမ်းတွေက ပြောပါတယ်။ ဒီနေ့ဇွန်လ ၁၉ ရက်နေ့နိူင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆နှစ်မြောက် မွေးနေ့ဖြစ်တာကြောင့် ရန်ကုန်အပါဝင်နယ်မြို့တွေမှာ ပန်းပန်တဲ့ သပိတ်ပြုလုပ်နေပြီး ပန်းရောင်းသူတွေနဲ့ ပန်းပန်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးတာတွေလည်း ပြုလုပ်နေပါတယ်။ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်ပြည့်မွေးနေ့အထိန်းအမှတ်အဖြစ် ပန်းသပိတ် ပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေရှိခဲ့ပါတယ်။ အဲဒီနောက် ဒီနေ့ မွေးနေ့ရက်မှာတော့ ဒေသအသီးသီးမှာ ကိုယ်တိုင် ပန်းပန်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ကြိုဆိုဆုတောင်းဂုဏ်ပြုပေးခဲ့ကြသလို ပန်းတွေ ဝေမျှတဲ့ ပုံစံနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးပန်းသပိတ်တွေကိုလည်း နိုင်ငံတဝန်း ပုံစံမျိုးစုံနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ ဒီနေ့ ဇွန်လ ၁၉ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အပြင် ဖမ်းဆီးခံပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် စစ်အာဏာရှင်က ဘယ်လောက်ပဲ ဖိနှိပ်နေပါစေ လူထုဟာ ဒီဒုက္ခတွေကို ပန်းပန်ပြီး ကြံ့ကြံ့ခံတွန်းလှန်နေဆဲဆိုတဲ့ စည်းလုံးမှုကို ပြသဖို့ ဒီပန်းသပိတ်ကို ပြုလုပ်တာဖြစ်ပါတယ်။ မန္တလေးက နေရာတချို့မှာလည်း ဆိုင်ကယ်စီးလာသူတွေကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က လမ်းမှာ တားဆီးစစ်ဆေးပြီး ဆိုင်ကယ်စီးဦးထုပ်တွေကို ဖြုတ်ကာ ပန်းပန်လာတာရှိမရှိ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့အဲဒီလိုစစ်ဆေးခံရသူတချို့က လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ဒီအကြောင်းအပါဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57497528 ဓာတ်ပုံ-Cafe 99 facebook Credit: