
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ပါနေတဲ့ ရေခဲမုန့် ဘူးတွေကို အရေးပေါ် ပြန်သိမ်းဆည်း တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ကပ်ငြိပါလာတဲ့ ရေခဲမုန့် ဘူးတွေကို စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် အရေးပေါ် ပြန်လည် ရှာဖွေ သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ တီယန်ကျင်းက စျေးကွက်ထဲ ဖြန့်ဝေလိုက်တဲ့ ရေခဲမုန့် ဘူးကြီး ၃၉၀ ကျော်မှာ အများစုက Covid-19 ကပ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်တွေ ကပ်ငြိနေနိုင်တာကြောင့် ချက်ချင်း ပြန်လည် ခြေရာခံ ရှာဖွေပြီး သိမ်းဆည်းခဲ့ရကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ စျေးကွက်ထဲ ရောက်နေတဲ့ ရေခဲမုန့် ဘူးကြီးတွေထဲမှာ ၃၇၂ ခုကို ပြန်သိမ်းယူထားပြီး နောက်ထပ် ၂၁ ဘူးကိုတော့ လိုက်ရှာနေဆဲလို့ ဆိုပါတယ်။ နယူးဇီလန်နဲ့ ယူကရိန်းက ကုန်ကြမ်းတွေကို အသုံးပြုပြီး ပြည်တွင်းမှာ ပြုလုပ်ထားတဲ့ ရေခဲမုန့် ဘူးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ငြိနေတာကို အခုသီတင်းပတ်ထဲမှာ စတင် ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။ ရေခဲမုန့် ဘူးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုဘယ်ပုံ ရောက်ရှိနေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရေခဲမုန့်ဘူးတွေ ဖြန့်ဝေပေးလိုက်တဲ့ စျေးဝယ်စင်တာတွေနဲ့ အရောင်းဆိုင်တွေဆီ အပူတပြင်း ဆက်သွယ်ပြီး လိုက်လံ သိမ်းဆည်းခဲ့ရတာ ဖြစ်ပါတယ်။ အရင်က သားစိမ်းငါးစိမ်းနဲ့ ရေခဲရိုက် အစားအသောက်တွေ ထည့်ထားတဲ့ ဘူးတွေ၊ အထုပ်အပိုးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ငြိနေတာမျိုးတွေ တွေ့ရှိဖူးပေမယ့် ရေခဲမုန့် ဘူးတွေမှာ ဗိုင်းရပ်စ် ကပ်ပါလာတာမျိုး မကြံဖူးခဲ့ပါဘူး။ တီယန်ကျင်းမှာ အဲဒီ ရေခဲမုန့်တွေနဲ့ ထိတွေ့မှု ရှိခဲ့သူ ၂၁၈၇ ဦးကို ဆေးစစ်ထားပြီး ၂၁၂၂ ဦးရဲ့ ဆေးစစ်ရလဒ်တွေ ထွက်ပေါ်လာတဲ့အထိ အားလုံး Negative ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အားလုံးကို သီးသန့်ခွဲခြားပြီး Quarantine ဝင်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ ဓာတ်ပုံ-EPA Credit