
စစ်ကောင်စီက အနုပညာသည်တွေကို တစ်ယောက် ၁၀ သိန်းလှူလို့ တပ်မတော်သားများနှင့် တပ်မတော်ထောက်ခံသူများ ဝေဖန်ပြစ်တင် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်။ စစ်ကောင်စီက အနုပညာသည် အဆိုပညာရှင် အယောက် ၃၀ ကို တစ်ယောက် ၁၀ သိန်းနှင့် အစားအသောက်တွေ ထောက်ပံ့လှူဒါန်းတာနဲ့ ပတ်သတ်ပြီး ဘာအထောက်အပံ့မှ မရတဲ့ တပ်မတော်သားတွေနဲ့ တပ်မတော်ထောက်ခံသူများအကြား မကျေမနပ်ဖြစ်နေကြပါတယ်။ တပ်မတော်အပေါ် အစဥ်တစိုက်ထောက်ခံလာသူ အမျိုးသမီးတစ်ဦးကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အခုလိုပြောကြားခဲ့ပါတယ်။ "လှူတာတော့ ကောင်းပါတယ် ဒါပေမဲ့ တပ်မတော်သား ဒုက္ခိတတွေ အများကြီးကို ကျော်လွန်ပြီး အနုပညာရှင်တွေကို တစ်ယောက်၁၀သိန်းစီ လှူတယ်ဆိုတာတော့ သိပ်ကို ရုပ်ပေါက်လွန်းအားကြီးပါတယ် (တပ်မတော်ကို ချစ်တယ်ဆိုတာ ဒီလို မရောင်ရာဆီလူးနေတာမျိုးကို ဇွတ်ကျိတ်မှိတ် ထောက်ခံမယ့် အထဲ ကိုယ်တော့ မပါသေးဘူး)" ထို့အတူ စစ်ကောင်စီဖက်မှ သတင်းများတင်လေ့ရှိသော AIH လူမှုကွန်ရက်စာမျက်နှာကလည်း "အနုပညာရှင်တွေကိုတောင် တစ်ယောက် ၁၀ သိန်း ထောက်ပံ့နိုင်ရင် စစ်မှုထမ်းဟောင်းတွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကိုရောမထောက်ပံနိုင်ဘူးလား၊ ဘာမှ ပြန်မကြည့်ပေးတော့ဘူးလား၊ တပ်ကနေ မသန်စွမ်းနဲ့ထွက်တဲ့သူတွေ ပင်စင်စားတွေရော အဆင်ပြေပါ့မလားလို့ မတွေးကြတော့ဘူးလား..." ဟု အောက်ခြေစစ်သည်များ၏ စုတ်ပြတ်သတ်နေသော ဘဝများနှင့် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရသည်ပုံများ နှင့်အတူ မေးခွန်းထုတ်ထားပါတယ်။ စစ်ကောင်စီက အနုပညာသည်တွေကို အခုလို အထောက်အပံ့ပေးတဲ့လုပ်ရပ်ကို တပ်မတော်မှ အောက်ခြေတပ်သားများနဲ့ တပ်ထောက်ခံသူများက "မယောင်ရာဆီလူးတဲ့ လုပ်ရပ်" လို့ဝေဖန်ပြောဆိုနေကြောင်း သိရပါတယ်။ NM@Media9 Credit: