
AAနဲ့ ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်ခံထားရတဲ့ ကျောက်ဖြူဒေသခံ ၆ ဦး တရားသေလွတ် ~~~~~~~~~~~ ■ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့နဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၆ဦးကို ကျောက်ဖြူခရိုင်တရားရုံးကနေ မနေ့က ညနေပိုင်းက တရားသေ လွှတ်ပေး လိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေက RFA ကိုပြောပါတယ်။ လွတ်မြောက်လာသူတွေဟာ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရွာသာယာကျေးရွာက ဦးတင်မောင်ညွှန့်၊ ဦးတင်မြင့်၊ ဦးမောင်သန်းမြင့်၊ ဦးမောင်တင်မြင့်၊ဦးခင်မောင်လေးနဲ့ မြေပုံမြို့နယ် မြတဲကျေးရွာက ကိုတင်ရွှေသန်းတို့ ဖြစ်ပါတယ်။ သူတို့ဟာအချိန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ပြစ်မှုမမြောက်တဲ့အတွက် တရားရုံးကနေ အပြီးသတ်လွတ်ပေးတဲ့ အမိန့်ကိုချမှတ်လိုက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးတင်လှိုင်ဦးက RFA ကိုပြောပါတယ်။ မြေပုံမြို့နယ် ရွာသာယာကျေးရွာက ကျေးရွာသား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလအတွင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာထဲနေဖမ်းဆီးသွားတာဖြစ်ပြီး ကိုတင်ရွှေသန်းကိုလည်း အဲဒီ နိုဝင်ဘာလအတွင်းမှာပဲ ဈေးဝယ်သွားရာမှာ တပ်မတော်ကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်သူတို့ဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ဆက်စပ်တယ်၊ ငွေကြေးတွေ ရိက္ခာတွေ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမ်းမြို့ အမှတ် ၃၇၁ ခြေမြန်တပ်ရင်းက ဗိုလ်ကြီးထက်အောင်က တရားလိုလုပ်ပြီး ကျောက်ဖြူ ခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့လည်း ရှေ့ နေ ဦးတင်လှိုင်ဦး ကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲကာလအတွင်း AA နဲ့ဆက်စပ်လို့ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲခံရသူ ၂၀၂၀ သြဂုတ်လအထိ ၂၇၆ ဦး အထိရှိတယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် သဇင်ဥပဒေအထောက်အပြုအဖွဲ့ ရဲ့စာရင်းတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီက AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ မတ် ၁၁ ရက်နေ့ ဒီနေ့မှာ ရုတ်သိမ်း ကြောင်း ကြေညာလိုက်ပါတယ်။ -Unicode ------------- AAနဲ့ ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်ခံထားရတဲ့ ကျောက်ဖြူဒေသခံ ၆ ဦး တရားသေလွတ် Credit: