
နျူကလီးယား လက်နက်အင်အား တိုးမြှင့်မယ်လို့ ဆုံးဖြတ်ပြီး မြောက်ကိုရီးယား ပါတီညီလာခံ ပိတ်သိမ်း ဇန်နဝါရီ - ၁၃၊ ၂၀၂၁ နျူကလီးယား လက်နက်အင်အားကို တိုးချဲ့ တည်ဆောက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ ညီလာခံကို တရားဝင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အလုပ်သမား ပါတီရဲ့ ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ ညီလာခံကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး ရှစ်ရက် ကြာမြင့်ခဲ့ပါတယ်။ အဲဒီ ညီလာခံမှာ အနာဂတ် ငါးနှစ်တာ ကာလအတွက် စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး မူဝါဒ ပေါင်းစုံကို ဆွေးနွေး အတည်ပြုလေ့ ရှိပါတယ်။ ညီလာခံ ပိတ်သိမ်းချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ နျူကလီးယား လက်နက် စွမ်းရည်ကို မဖြစ်မနေ တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။ ကပ်ရောဂါ ဖိစီးမှုတွေကြောင့် နိုင်ငံ စီးပွားရေး ပိုမို ယိမ်းယိုင်လာနေတဲ့ မျက်မှောက် ကာလဟာ ကင်မ်ရဲ့ နိုင်ငံ အကြီးအကဲ သက်တမ်းတလျှောက် စိန်ခေါ်မှု အပြင်းထန်ဆုံး နေ့ရက်တွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံစီးပွားရေး ကျပ်တည်းနေတယ် ဆိုပေမယ့် မြောက်ကိုရီးယားဟာ စစ်ရေးစွမ်းရည်ကိုတော့ ပိုမို မြှင့်တင်သွားဖို့ ကင်မ်က သံန္နိဋ္ဌာန် ချမှတ်ထားပါတယ်။ အနာဂတ်မှာ နိုင်ငံရဲ့ နျူကလီးယား လက်နက် အင်အားကို ချဲ့ထွင်ရင်း စစ်ရေး စွမ်းအင်ကိုလည်း တတ်နိုင်သမျှ အားအကောင်းဆုံး ဖြစ်တဲ့ထိ မွမ်းမံ တည်ဆောက်သွားမယ်လို့ ညီလာခံ အပိတ် မိန့်ခွန်းမှာ ကင်မ်က ပြောကြားသွားပါတယ်။ ဒါဟာ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အမေရိကန် သမ္မတ ဖြစ်လာမယ့် ဂျိုးဘိုင်ဒန်ရဲ့ အစိုးရသစ်အပေါ် ကြိုတင် သတိပေးလိုက်တဲ့ သဘောလို့လည်း ယူဆနိုင်ပါတယ်။ ကင်မ်က အမေရိကန်မှာ ဘယ်သမ္မတ တက်လာလာ မြောက်ကိုရီးယားအပေါ် လက်ရှိ ကျင့်သုံးနေတဲ့ သဘောထား မူဝါဒတွေ မပြောင်းလဲသ၍ ရန်သူနိုင်ငံ အဖြစ်ပဲ ရှိနေလိမ့်မယ်လို့လည်း သဘောထား မှတ်ချက် ပေးထားခဲ့ပါတယ်။ ညီလာခံ အတောအတွင်းမှာ ကင်မ်က နိုင်ငံ စီးပွားရေး ကဏ္ဍနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိန်းချုပ်မှုတွေကို မြှင့်တင်ဖို့၊ စိုက်ပျိုးသီးနှံ အထွက်တိုးရေးအတွက် ပိုမို အားထည့် ဆောင်ရွက်ဖို့၊ ဓာတုပစ္စည်းနဲ့ သတ္တုဆိုင်ရာ စက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်လာစေဖို့ အစရှိတာတွေကို လာမယ့် ငါးနှစ်တာ စီမံကိန်းတွေအဖြစ် ထည့်သွင်း အဆိုပြုသွားခဲ့ကြောင်း သိရပါတယ်။ Credit:7Day