
မုံကိုးတိုက်ပွဲကြောင့် ဒေသခံ ရာချီ မြို့ပေါ် စစ်ရှောင်နေရ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံကိုးမြို့အတွင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ကြား အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့တိုက်ပွဲကြောင့်ဒေသခံ ၅၀၀ကျော်ဟာ မြို့ပေါ် အထိလာရောက်တိမ်းရှောင်ရတာတွေ ရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ လက်ရှိမှာ မုံကိုးမြို့ပေါ်က ထေရဝါဒ ဗဟိုသာသနာပြုကျောင်းနဲ့ ကချင် ဘာသာရေးကျောင်း (KBC)ဘက်သို့ လာရောက် ခိုလှုံနေကြတယ်လို့ဆိုပါတယ်။ မနေ့က သြဂုတ် ၂၉ရက် တစ်နေ့လုံးလည်းတိုက်ပွဲတွေရှိနေပြီး နေအိမ်အချို့မှာ လက်နက်ကြီးကျရောက်ထိမှန်တာတွေရှိတယ်လို့ဆိုပါတယ်။ အဲဒီမှာ ကလေး ၁ဦးနဲ့ လူကြီး ၂ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မုံးကိုးမြို့အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့အကြားသာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြောက်ပိုင်းမဟာမိတ်က ပါဝင်ခြင်း မရှိကြောင်း ကိုးကန့်သတင်းကဖော်ပြထားပါတယ်။ ဒေသတွင်းရှိ လူထုတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ သတင်းဌာနတွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ကြတဲ့အပေါ် အဲဒီလိုရှင်းလင်းထုတ်ပြန်တယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ကိုးကန့်ဘက်ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သြဂုတ် ၂၈ရက်က ဖြစ်ခဲ့တဲ့ မုံကိုးဖောင်းဆိုင်ပြင်တိုက်ပွဲမှာ အရာရှိတစ်ယောက်ဒဏ်ရာရရှိပြီး၊ စစ်သည်အချို့ကျဆုံးခဲ့ကြောင်းနဲ့ လက်နက်အချို့နဲ့ဆက်သွယ်ရေးစက်အသေးစားအချို့သာဆုံးရှုံးတယ်လို့ ပြောဆိုထားပါတယ်။ ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ - Shwe Phee Myay News ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58248887 Credit: