ပုဂံမှာ မိုးကြီး၊ ရှေးဟောင်းဘုရားစေတီတချို့ရေဝင်ပြီး တံတိုင်းပြိုကျပျက်စီးမှုရှိ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ထဲက ပုဂံမြို့ဟောင်းမှာရှိတဲ့ ရှေးဟောင်းဘုရားစေတီတချို့ရဲ့ အတွင်းပိုင်းတွေထိ ရေဝင်တာ၊ အုတ်တံတိုင်းပြိုကျပျက်စီးမှုတွေဖြစ်နေတယ်လို့ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။ " ဘုရားတွေပေါ်မှာ ရေပေါက်တွေကိုသေချာမဖောက်ခဲ့ဘူး။ ဖောက်ခဲ့တဲ့ရေပေါက်တွေကျတော့လည်း ငှက်ချေးတွေနဲ့သစ်ပင်တွေနဲ့ပိတ်ကုန်တယ်။ ဘုရားပေါ်မှာရေဝပ်တယ်။ အဲဒီတော့ ရွှံ့ နဲ့လုပ်ထားတဲ့တံတိုင်းအုပ်ချပ်တွေပြိုကျတဲ့အထိဖြစ်ကုန်တာပေါ့။ ပုဂံဒေသရဲ့အနေအထားကလည်း မိုးခေါင်ရေရှားတဲ့ဒေသဖြစ်တော့ ဒီလိုဖြစ်လာမှာတွေအတွက် အစီအစဉ်တွေမရှိခဲ့ဘူး။ဖြစ်လာမယ်လည်းမထင်ခဲ့ဘူး၊ ရုတ်တရက်ဖြစ်လာတော့မတတ်နိုင်ဘူး " ပုဂံဒေသကဘုရားတွေအတွက်လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတသမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပုဂံမြို့ဟောင်းမှာရှိတဲ့ စူဠာမဏိမြောက်ဘက်ကျောင်းတိုက်ဟောင်းမှာရှိတဲ့ ဘုရားတံတိုင်းအုတ်ချပ်တွေ၊ တရုတ်ပြေးဘုရားအရှေ့တောင်ထောင့်က အုတ်ချပ်နဲ့ဓမ္မရံကြီးဘုရားအတွင်းပိုင်းတချို့ပျက်စီးမှုတွေရှိပြီး ဘုရားအတွင်းပိုင်းမှာလည်း ရေတွေဝင်နေတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေရဲ့ပြောပြချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း မိုးရွာသွန်းမှုများတာကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာရှိတဲ့ သံပျဉ်စွာ ဘုရားတောင်ဘက်မှာလည်းပျက်စီးမှုတွေရှိခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ပုဂံဒေသခံလူမှုကူညီရေးအသင်းတွေအနေနဲ့ ဘုရားအတွင်းရေဝင်တာတွေကို စုပ်ထုပ်နေပြီး မိုးရေချိန်ထပ်များလာရင် ဖြစ်ပေါ်လာမယ့်ပျက်စီးမှုတွေကိုလည်းစိုးရိမ်တဲ့အတွက် နားလည်တတ်ကျွမ်းသူတွေနဲ့အချိန်မီလုပ်ဆောင်သင့်တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေကပြောပါတယ်။ ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ- Ko Ko ( ကိုလူလှ ၊ ပုဂံ ) ပုံစာ- ပုဂံံဒေသမှာ မိုးရွာသွန်းမှုများတာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ မြင်ကွင်း ဒီသတင်းနဲ့အတူ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58396049 Credit:
